Home » » တပ်ပိုင်နေရာ အချို့တွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်မည်

တပ်ပိုင်နေရာ အချို့တွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်မည်

Written By Unknown on Sunday, August 18, 2013 | 3:27 AM

ရန်ကုန်၊ သြဂုတ် ၁၆

ရန်ကုန်မြို့တော်ရှိ အချက်အချာကျသော နေရာများတွင် တည်ရှိသော ယခင် စစ်ရုံးဟောင်း၊ စစ်သမိုင်းပြတိုက်၊ ယောမင်းကြီး ရိပ်သာနှင့် ယခင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မြေနေရာ အပါအဝင် တပ်မတော်ပိုင် နေရာအချို့ကို ဟိုတယ်၊ ကုန်တိုက်နှင့် လူနေ တိုက်ခန်းများ တည်ဆောက်ခွင့် ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ သိရသည်။

ဒဂုံမြို့နယ်ရှိ စစ်သမိုင်းပြတိုက် မြေနေရာကို Yangon Technical Trading Group က ဈေးဝယ် စင်တာနှင့် ဟိုတယ် ဆောက်လုပ်မည် ဖြစ်ပြီး ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ တပ်မတော်ပိုင် ယောမင်းကြီး ရိပ်သာကို Paramount Inlay Resources က ဟိုတယ် ဆောက်လုပ်မည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီ နှစ်ခုလုံးကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် B.O.T စနစ်ဖြင့် နှစ်ရှည် ငှားရမ်း လုပ်ကိုင် ခွင့်ပြုရန် သဘောတူထားကြောင်း MIC မှ အရာရှိ တစ်ဦးက ဆိုသည်။

ထို့အပြင် ဒဂုံမြို့နယ် အတွင်းရှိ စစ်ရုံးချုပ်ဟောင်းနှင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ ယခင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မြေနေရာတို့ကိုလည်း ရုံးအဆောက်အအုံများ၊ အဆင့်မြင့် ဟိုတယ်များ၊ ဈေးဝယ် စင်တာများ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ဒဂုံမြို့နယ် အတွင်းရှိ ယခင် စစ်ရုံးချုပ်ဟောင်း နေရာကို ပြည်တွင်းမှ ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် Hyday (South Pacific) Investment Pte., Ltd. တို့ ပူးပေါင်း၍ ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ရုံး အဆောက်အအုံ၊ အဆင့်မြင့် လူနေ တိုက်ခန်းများနှင့် ဈေးဝယ်စင်တာများ ဆောက်လုပ်မည်ဖြစ်ကြောင်း MIC ထံမှ သိရသည်။

ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီသည် ယခင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မြေနေရာဟောင်း နယ်မြေရှိ ရှစ်ဧကကျော် ကျယ်ဝန်းသော နေရာတွင်လည်း B.O.T စနစ်ဖြင့် မြေ ငှားရမ်း၍ နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ ရုံး အဆောက်အအုံနှင့် ဈေးဝယ် စင်တာများ တည်ဆောက်မည် ဖြစ်ကြောင်း MIC က ကြေညာသည်။

ထို့အပြင် EXE Design (Myanmar) Co.,Ltd. ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပန်းဝါလမ်းတွင် B.O.T စနစ်ဖြင့် နိုင်ငံတကာ လူနေတိုက်ခန်းများ ပါဝင်သော Services Apartment Complex တည်ဆောက်ခွင့် ပြုထားသည်။

The Voice Weekly