မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana ဟာ ဒီကနေ့ ချင်းပြည်နယ် ကန်ပက်လက် ဒေသခံမြို့မိမြို့ဖတွေ၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မနေ့တုန်းကတော့ မင်းတပ်မြို့ ခရိုင်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနေနိုင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်တို့အပြင် မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာကင်တားနားနဲ့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မင်းတပ်မြို့၊ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးမနားယောက RFA ကို ပြောပါတယ်။
“ဘာသာမတူတဲ့ဒေသခံတွေ နေထိုင်တဲ့အခါကြတော့ ပဋိပက္ခတွေရှိသလားလို့ မေးပါတယ်၊ ဘာသာခြား ပဋိပက္ခလေးတွေမရှိပါဘူး၊ အရင်တုန်းကလည်း မရှိဘူး၊ အခုလည်း မရှိဘူး၊ နောက်မှာလည်း ရှိမှာမရှိမဟုတ်ဘူး၊ ဒေသမှာ လမ်းပန်းဆက်သွယ်ရေးက အခုထက်ထိ ခြေလျင်နဲ့ပဲသွားလာတဲ့ အခါကျတော့ အဲဒီမှာအခက်အခဲရှိတဲ့အကြောင်းလေးပြောပါတယ်”
ဒီကနေ့ မစ္စတာကင်တားနားဟာ ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းက ချင်းပြည်နယ်မှာ ခရစ်ယာန်လက်ဝါးကပ်တိုင်တွေ ဖြိုချဖျက်ဆီးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ ကန်ပက်လက်မြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးမြန်မောင်းက အခုလိုပြောပါတယ်။
"ဘာသာရေးကိစ္စတွေ အဆင်ပြေသလား၊ ဘာလား၊ အဲဒါလေး အမေးအဖြေရှိတာပါပဲ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဒီမှာအဆင်ပြေကြသလား၊ တည့်သလား၊ မတည့်ဘူးလား၊ ဒေသအခြေအနေလေးမေးတာပါ၊ အားလုံးအဆင်ပြေတယ်ဆိုရင် ချစ်ချစ်ခင်ခင် ညီညီညွှတ်ညွှတ်နဲ့ ဒေသတိုးတက်အောင် အလုပ်လုပ်ဖို့ပဲလိုပါတယ်ဆိုတာလေး ပြောသွားပါတယ်"
ဒေသခံမြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပြီး နှစ်ခြင်းခရစ်ယာန်ကျောင်းမှာ ဘာသာရေးခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၁ဝ ရက်ကြာရောက်ရှိနေတဲ့ မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး၊ ဒီကနေ့ ချင်းပြည်နယ်ကနေ ပုဂံညောင်ဦးကို ခရီးဆက်လက်ထွက်သွားတယ်လို့ သိရပါတယ်။
RFA Burmese