Home » » ထိုင်းနိုင်ငံတွင်း ဒူးမဲက်စ်နို့မှုန့်များ ပြန်လည်ရုပ်သိမ်း

ထိုင်းနိုင်ငံတွင်း ဒူးမဲက်စ်နို့မှုန့်များ ပြန်လည်ရုပ်သိမ်း

Written By Unknown on Thursday, August 8, 2013 | 7:42 PM

နယူးဇီလန်နိုင်ငံ ဖွန်တာရာကုမ္ပဏီက သူတို့ထုတ်လုပ်တဲ့  ဒူးမဲက်စ် (Dumax) တံဆိပ် နို့မှုန့် အမျိုးအစားတချို့မှာ ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့  ဘက်တီးရီးယား တမျိုးပါဝင်ကြောင်း ထုတ်ပြန်ကြေညာပြီးတဲ့နောက် ထိုင်းနိုင်ငံကလည်း အဆိုပါနို့ မှုန့်တွေကို  ပြန်ရုပ်သိမ်းကြောင်း ချက်ချင်း ကြေညာလိုက်ပါတယ်။

သူတို့ကြေညာထားတဲ့ အမျိုးအစားပါ နို့မှုန့်တွေကို ၀ယ်ယူထားသူတွေအနေနဲ့ အရောင်းကိုယ်စားလှယ်ကို ပြန်အပ်တဲ့အခါမှာ အာနိသင်တူညီတဲ့ နို့မှုန့် ဒါမှမဟုတ် တန်ဖိုးငွေ ကြိုက်တာကို ပြန်ယူနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့  ဒူးမဲက်စ်ကုမ္ပဏီ ပြန်ကြားရေးဌာနက ဒီဗွီဘီကို  ပြောပါတယ်။

“စင်ထရယ် (central) တို့၊ လိုးတပ်စ် (lotus) တို့လို ကုန်တိုက်ကနေ ၀ယ်ထားတယ်ဆိုရင်  အဲဒီနေရာမှာ ငွေရှင်းဘောက်ချာနဲ့အတူ သွားရောက်ဆက်သွယ်နိုင်ပြီး ဘန်ကောက်က ဗဟိုကုမ္ပဏီကို ပို့ရင်တော့ ငွေရှင်းဘောက်ချာ မရှိလည်းရပါတယ်။ စာတိုက်ကနေ ပေးပို့ရပါမယ်။ကုမ္ပဏီက ငွေ ဒါမှမဟုတ် ပစ္စည်း ပြန်ပို့ပေးဖို့ စားသုံးသူရဲ့ ဘဏ်စာရင်းနံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံကို ပို့ပေးရပါမယ်။ ၂ ပတ်အတွင်း ရောက်အောင် ပြန်ပို့ပေးပါမယ်။”

အဲဒီလို ပို့ရာမှာ သူတို့ ကြေညာထားတဲ့ နို့မှုန့်အမျိုးအစား နံပါတ်ပါ နို့မှုန့်ဘူးခွံအလွတ်တွေ၊ အထုတ်တွေပါရမှာဖြစ်ပြီး ပိတ်ရက်မကန့်သတ်ထားဘူးလို့ ကုမ္ပဏီဝန်ထမ်းက ပြောပါတယ်

ကြေညာထားတဲ့ နို့မှုန့်အမျိုးအစားထဲမှာ ကလေးငယ်တွေအတွက် ဘေးဖြစ်စေတဲ့ ပရိုတင်း တွေ ပါဝင်တယ်ဆိုပေမယ့်လည်း ကနေ့အထိ နို့မှုန့်ဘေးထွက်ဆိုးကျိုးကြောင့် နာမကျန်းဖြစ် သူတယောက်မှ မတွေ့သေးကြောင်း၊ နောက်ဆုံးအခြေအနေတွေ သိရဖို့အတွက်လည်း သက်ဆိုင်ရာ ဆေးဝါးနဲ့ အစားအစာဌာန ကော်မတီဝင်တွေနဲ့ တောက်လျှောက် ဆက်သွယ်မေးမြန်းနေတယ်လို့ ဆိုပါတယ်။

စားသုံးသူတွေအနေနဲ့ ထူးခြားတဲ့အခြေအနေတွေရှိရင် ဆက်သွယ်တင်ပြနိုင်ဖို့၊ မရှင်းလင်းတာတွေကို မေးမြန်းနိုင်ဖို့ Careline ဌာနကနေ  ၀န်ထမ်းပေါင်း ၁၀၀ နဲ့ တယ်လီဖုံးလိုင်းတွေ တိုးချဲ့တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ ၀၂ ၇၄၀ ၃၄၀၀ ၊  ၀၂၇ ၄၀၃ ၃၃၃ တို့ဖြစ်ပြီး ကုမ္ပဏီလိပ်စာမှာ အမှတ် ၃၅၉၊ အကွက် ၁၇၊ ထေးဖားရတ်ဆ်လမ်း၊ ဘန်းဆောဝ်ထုန်းရပ်ကွက်၊ ဆမွတ်ပရာကန်၊ စာတိုက်အမှတ် ၁၀၅၄၀ ဖြစ်ပြီး ကုမ္ပဏီမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲထိ နေ့စဉ်ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

 by နန်းမြနဒီ  (ဒီဗွီဘီ)