Home » » ထိုင်းတွင် ယာယီပတ်စပို့ အသိမ်းခံရမှုနှင့် ပွဲစားပြဿနာ ဖြေရှင်းမည်

ထိုင်းတွင် ယာယီပတ်စပို့ အသိမ်းခံရမှုနှင့် ပွဲစားပြဿနာ ဖြေရှင်းမည်

Written By Unknown on Thursday, August 8, 2013 | 7:34 PM

ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ်ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု ကာကွယ်ရေးအဖွဲ့ရဲ့ သံမှူး မစ္စတာ လူးဝစ်စ်ဘီဂရဲ့ အကြံပြုချက်ကို လက်ခံကြောင်း ထိုင်းအစိုးရက ဩဂုတ် ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ယာယီနိုင်ငံကူးလက်မှတ် အသိမ်းဆည်း ခံထားရတဲ့ပြဿနာ၊ ယာယီနိုင်ငံကူးကတ်လုပ်ဆောင်ရာမှာလည်း ငွေကုန်ကြေးကျများပြီး ပွဲစားတွေက သူတို့ လုပ်အားခကနေ ပြန်ဖြတ်နေတဲ့ ပြဿနာတွေ ရှိနေကြောင်း၊ သူတို့အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်ချက်အရ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စ ဖြေရှင်းရာမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိသလို အလုပ်သမားတွေပေါ် ဖိနှိပ်နေတဲ့ အလုပ်ရုံတွေကို ထိထိရောက်ရောက် အရေးယူတာမရှိဘူလို့ အမေရိကန်သံမှူးက ပြောပါတယ်။

ထိုင်း နဲ့ အမေရိကန် ၂ နိုင်ငံ အစိုးရ ပူးပေါင်းပြီး ထိုင်းနိုင်ငံထဲမှာ ရေလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေပြီး  လုပ်ငန်းအကောာင်အထည်မဖော်ခင် အလုပ်သမားရေးရာကိစ္စတွေ ဆွေးနွေးရင်း အမေရိကန်သံမှူးက အခုလို အကြံပြုလိုက်တာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် လူကုန်ကူးမှု ပြဿနာတွေကိုပါ ကာကွယ်ရာရောက်မယ်လို့ ထိုင်းအလုပ်သမားကာကွယ်ရေးနဲ့ ၀န်ဆောင်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအားထစ် အိဆမိုက ပြောပါတယ်။

ထိုင်းအလုပ်သမားကာကွယ်ရေးဝန်ကြီးက  အလုပ်သမားတွေ ပတ်စပို့ အသိမ်းခံရတဲ့ကိစ္စမှာ သိမ်းဆည်းရခြင်းအကြောင်းပေါ် မူတည်ပြီးမှ အလုပ်ရှင်ကို အရေးယူမယ်လို့ ဆိုပါတယ်။

ငါးဖမ်းလှေပေါ်က လုပ်သားတွေကတော့ ရေထဲဆင်းရင် ပတ်စပို့ကျပျောက်မှာစိုးလို့ အလုပ်ရှင်က သိမ်းထားပေးတာရှိပြီး တချို့အလုပ်ရှင်တွေကလည်း အလုပ်သမားရုံးနဲ့ ဆက်သွယ်ရာမှာ လိုအပ်လို့ ယူထားရတာဖြစ်ကြောင်း၊ အကြောင်းမဲ့သိမ်းထားရင်တော့ တရားဥပဒေအရ အရေးယူမှာဖြစ်ကြောင်း၊ ပွဲစားလုပ်တဲ့ကိစ္စ၊ လူကုန်ကူးမှု ကိစ္စတွေကတော့ ၁၉၉၈ အလုပ်သမားအက်ဥပဒေနဲ့ ညှိစွန်းလို့ အရေးယူရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

 by ဒီဗွီဘီ