Home » » အရောင်းအဝယ် အေး၍ ကားဈေးကျ

အရောင်းအဝယ် အေး၍ ကားဈေးကျ

Written By Unknown on Saturday, August 31, 2013 | 11:59 AM

ရန်ကုန်၊ သြဂုတ် ၃၀

ပြည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန် လေလံ ဈေးကွက်မှ ဝင်ရောက်လာသည့် ယာဉ်များ အပါအဝင် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်း နေကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ယခင်က လူကြိုက်များခဲ့သည့် ကျပ် သိန်း ၃၀၀၀ ခန့် လင်ခရူဇာ၊ လပ်ဇပ် (၂၀၀၇ ခုနှစ် မော်ဒယ်လ်) ယာဉ်များကို ယခု ကျပ်သိန်း ၁၀၀၀ ဖြင့် ရောင်း ချသော်လည်း အရောင်းအဝယ် မဖြစ်တော့ကြောင်း ဟံသာဝတီ ယာဉ်ရပ်နားစခန်း (အဟောင်း) မှ ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။

“ကားမျိုးစုံပါပဲ ဘယ်ကားမှ ဈေးမရတော့ဘူး။ ကျပ် ၁၁၅ သိန်းလောက် ကား ကို ၁၁၇ လောက်နဲ့ ရောင်းတာ အရောင်းအဝယ် မဖြစ်ဘူး။ နှစ် သိန်းတောင် ဈေးဟလို့ မရဘူး။ အရင်က ၁၀ သိန်းလောက် ဈေးဟ ရင်တောင် ရောင်းလို့ရတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ နည်းသည့် မီနီထရပ် အမျိုးအစား ယာဉ်များမှာ ဈေးသင့်၍ အိမ်စီးနှင့် လုပ်ငန်းသုံးများတွင် အဆင်ပြေခြင်းကြောင့် အဝယ်ရှိသော်လည်း ယင်းကားများသည် လည်း ဈေးတင်ရောင်း၍ မရခြင်းကြောင့် အမြတ်အစွန်း မရှိကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်း ဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးဇော်ဇော်က ပြောကြားသည်။

ဟိန်းမြတ်စိုး

The Voice Weekly