Home » » အငြိမ်းစားကျောင်းဆရာမ ထော်လာဂျီတိုက်မိသေဆုံး

အငြိမ်းစားကျောင်းဆရာမ ထော်လာဂျီတိုက်မိသေဆုံး

Written By Unknown on Saturday, July 27, 2013 | 4:14 PM

တောင်ငူ၊ ဇူလိုင် ၂၅

တောင်ငူမြို့ ဆေးရုံဟောင်းလမ်းပေါ်တွင် တရားစခန်းမှ လမ်းလျှောက် ပြန်လာသည့် အသက် ၇၀ အရွယ် အငြိမ်းစားကျောင်းဆရာမ တစ်ဦးသည် ဇူလိုင်လ ၂၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် မျက်နှာချင်းဆိုင်မှလာသော ထော်လာဂျီတစ်စီးနှင့် တိုက်မိကာ သေဆုံးခဲ့ကြောင်း တောင်ငူမြို့အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်ခံရသူသည် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ ဝဲပခုံးပွန်းပဲ့ ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများရရှိကာ တောင်ငူပြည်သူ့ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောကြားသည်။

တောင်ငူမြို့ ဘုရင့်နောင်လမ်းနေ ဒေါ်အုန်းမြ (၇၀နှစ်) သည် ညနေ ၆ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် အမှတ် (၇) ရပ်ကွက်ရှိ တရားစခန်းမှ ဆေးရုံဟောင်းလမ်းအတိုင်း လမ်းလျှောက်လာစဉ် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက်နေ ကျော်ထွန်းဦး (၂၂ နှစ်) မောင်းနှင်လာသော ထော်လာဂျီ အပြာရောင်ယာဉ်က မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယာဉ်မောင်း ကျော်ထွန်းဦးကို ပ-၃၁/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ထားကြောင်း တောင်ငူမြို့အမှတ် (၁) ရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly