စနစ်တစ်ခုက တစ်ခုကို ပြောင်းလဲတော့မယ်ဆိုရင် စနစ်ဟောင်းရဲ့ ဆိုးမွေတွေကို သေသေချာချာ လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်။ ဆိုးကျိုးတွေကို ဖြစ်စေတတ်တဲ့ အရာမှန်သမျှကို ဖျက်သင့်တာ ဖျက်၊ ပယ်သင့်တာကို ပယ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဆိုးခြင်းနှင့် ကောင်းခြင်းကို လက်ခံသူချင်း မတူကြတဲ့အတွက် ကွဲပြား ခြားနားမှုက ရှိကြမှာပါ။
တစ်ဦးအမြင်နှင့် အခြားတစ်ဦး အမြင်၊ တစ်ဦး လက်ခံတာနဲ့ အခြား တစ်ဦး လက်ခံတာ တူကြမှာ မဟုတ်ဘူး။ ဒီတော့ တစ်ဦးက ဘယ်လောက် ကောင်းကောင်း၊ တစ်ဦးက အဆိုး မြင်တယ်လို့ သတ်မှတ်ကြတာ ဓမ္မတာပါ။ အကောင်းမြင်တဲ့လူက အကောင်းကို တင်ပြ ပြောဆိုလာရင်၊ အဆိုး မြင်တဲ့ လူက လက်ခံ စဉ်းစား တွေးတောပြီး ညှိနှိုင်း လုပ်ဆောင်ကြရင် ရလဒ်ကောင်း တစ်ခုတော့ ထွက်လာမှာပါ။ ဒီနေ့ ဒီမိုကရေစီသို့ ပြောင်းလဲနေတဲ့ ခေတ်ကာလမှာ ပညာရေးကိုလည်း ခေတ်မီ နိုင်ငံတကာ အဆင့်မီ ပညာရေးအဖြစ် ပြုပြင် ပြောင်းလဲဖို့ အရှိန်ယူ ဆောင်ရွက်နေကြပါပြီ။ အဲဒီလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကုန်လွန် ကျော်ဖြတ်လာခဲ့တဲ့ ခေတ်ဟောင်း ပညာရေးစနစ်ရဲ့ ပြုပြင် ပြောင်းလဲသင့်တဲ့ ကဏ္ဍကို ထောက်ပြပြီး ဆွေးနွေး ညှိနှိုင်း ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ဦး အမြင်နဲ့ တစ်ဦး တူချင်မှ တူကြမှာပါ။ ခုတင်ပြမယ့် ကဏ္ဍက ကျွန်တော် တစ်ဦး တစ်ယောက်တည်းရဲ့ အတွေ့အကြုံအရ တင်ပြခြင်းသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် အတော်များများမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ မှတ်ဉာဏ်ကို ဦးစားပေး စစ်ဆေးတဲ့ ပညာရေး ဖြစ်ပါတယ်။ ဦးတည်ချက်က အောင်ချက်ကို အဓိကထား သင်ကြားတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ အောင်ချက် ကောင်းဖို့အတွက်၊ နည်းမျိုးစုံ သုံးပြီး သင်ကြားခဲ့ကြတယ်၊ သင်ယူခဲ့ကြတယ်၊ ပညာ သင်ယူရတဲ့ ကလေးငယ်များ (မူလတန်းမှ အထက်တန်းထိ) မှာလည်း မနက် အိပ်ရာက ထကတည်းက ညအိပ်ရာဝင်ချိန်ထိ တ ‘စာ’ ထဲ ‘စာ’ နေခဲ့ကြတယ်။ ကျူရှင်ပြီးရင် အစိုးရကျောင်း၊ ကျောင်းပြီးရင် ကျူရှင်တက် စသဖြင့် အားလပ်ချိန်မရှိ တက်ခဲ့၊ သင်ယူခဲ့ကြတယ်။ ဒါပေမဲ့ သင်ယူကြရတာက ဆရာပေးတဲ့ မှတ်စုကူးပြီး ကျက်၊ ဆရာ တွက်ပေးတဲ့ သင်္ချာ အလွတ်ကျက် ဖြေ၊ ဒါထက် ပိုမထူးပါဘူး။ အစိုးရ ကျောင်းတွေမှာ သင်ကြားပေးတာကို အားမရ၊ အပြင်ဆရာတွေ ဆီမှာ ငွေကုန်ကြေးကျ များစွာခံပြီး ထပ်သင်တယ်။ ဘာအတွက်လဲ၊ အမှတ် ကောင်းကောင်းရဖို့ (အောင်ချက် ကောင်းဖို့) အဓိကထား သင်ယူကြတယ်။ အဲဒီတော့ ကျူရှင် ပေါ်လာတယ်။ ဘော်ဒါ ကျောင်းတွေ ပေါ်လာတယ်။ Guide ဆရာတွေ ပေါ်လာတယ်။ ကျူရှင်တွေ၊ ဘော်ဒါတွေ မှိုလိုပေါက် လာတယ်။ ဒါတွေ ပေါ်လာခဲ့လို့ မြန်မာ့ ပညာရေး ဘာတွေ ထူးခဲ့သလဲ။ နိုင်ငံတော် ပြုပြင်ပြောင်းလဲ မယ့် ကဏ္ဍတွေမှာ အကျိုးပြုမယ့် ပညာတတ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါသလား။
ကျူရှင်တွေကို ခွဲကြည့်လိုက်ရင် အပြင်ဆရာများ သင်သော ကျူရှင်နဲ့ ကျောင်းတွင်းဆရာများ သင်တဲ့ ကျူရှင် ဆိုပြီး နှစ်မျိုး တွေ့ရမှာ ဖြစ်ပါတယ်။ အပြင် ဆရာများရဲ့ ကျူရှင်မှာက ပညာရေးဘွဲ့ရ ဆရာများ သင်ကြား ကြသလား၊ သာမန် ရိုးရိုးဘွဲ့နဲ့ သင်ကြားတဲ့ ဆရာတွေလား၊ နိုင်ငံခြားမှာကတော့ ပညာရေး ဘွဲ့မရရင် ပညာ သင်ကြားခွင့် မပြုဘူး။ ဒီမှာကတော့ ဆယ်တန်း ကျောင်းသားကို ဆယ်တန်းအောင်တဲ့ သူကလည်း သင်နေတာကို တွေ့ရပါတယ်။ ပညာရေးဘွဲ့ရတဲ့ ဆရာဆိုရင် ဘယ်သင်ခန်းစာဆိုရင် ဘယ်သင်နည်းကို အသုံးပြု သင်ရမယ်၊ ဘယ်သင်ထောက်ကူကို သုံးရင်ဖြင့် ပိုပြီး သင်ကြားရေး အောင်မြင်မယ် စသဖြင့် သင်ယူ တတ်မြောက်စေမှာ ဖြစ်ပါတယ်။
အခု လက်ရှိ ပြောင်းလဲ သင်ကြားဖို့ ညွှန်ကြားထားတဲ့ C.C.A ကလေး ဗဟိုပြု သင်ကြားနည်းကို ပညာရေးဘွဲ့ရ ဆရာများကိုပင်လျှင် သင်တန်းပေးပြီးမှ သင်ကြားစေမှာ ဖြစ်ပါတယ်။ ဟိုတုန်းကလို သင်ခန်းစာကို ဆရာက ခေါ်ပေး၊ တပည့်က လိုက်ကူးပြီး အလွတ်ကျက် ပညာရေး မဟုတ်တော့ပါဘူး။ ကလေးကိုယ်တိုင် မိမိ ပညာကို မိမိရှာ စဉ်းစား တွေးတောပြီး သင်ယူတဲ့ ပညာရေး ဖြစ်တယ်။ အဲဒီမှာ ကလေးရဲ့ စဉ်းစား တွေးခေါ်မှု၊ သင်ကြားတဲ့ ပညာရပ်နဲ့ ပတ်သက်တဲ့ သင်ထောက်ကူတွေကို ဆရာများက အသုံးပြု သင်ကြားမှု၊ ဆရာနဲ့ ကလေး အပြန်အလှန် မေးခွန်းမေးခြင်း၊ ဖြေကြားခြင်း ပြုရမှာ ဖြစ်တဲ့အတွက် Text Book တစ်ခုတည်းကိုသာ အားကိုးပြီး သင်ကြား သင်ယူနေရုံနဲ့ မလုံလောက်တော့ပါဘူး။ သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကိုးအကား အထောက်အကူပြု စာအုပ်တွေ လိုအပ်လာပါမယ်။ သိပ္ပံဘာသာအတွက် လက်တွေ့ စမ်းသပ်ခန်းတွေ လိုလာပါမယ်။ ဒီတော့ အပြင် ကျူရှင်များ ဘယ်လို သင်ကြား ပို့ချပါမည်နည်း။ နှစ်ကုန်လို့ အကဲဖြတ် စစ်ဆေးတဲ့ အခါမှာလည်း သင်ခဲ့တဲ့ ပညာကို ကလေး ကိုယ်တိုင် သင်ယူ တွေ့ ကြုံခဲ့တဲ့ ပညာအတိုင်း ကိုယ်တိုင် ကိုယ်ကျ ရေးသား ဖြေဆိုကြရပါတော့မယ်၊ အလွတ်ကျက် စာပုဒ် ဖြေကြားနည်း မဟုတ်တော့ပါ။
ကျောင်းတွင်းက ဆရာ၊ ဆရာမများ သင်ကြားပေးတဲ့ ကျူရှင်ကတော့ အင်မတန် မှ စိတ်ပျက်ဖွယ် အတိပါ။ မူလတန်းမှစပြီး အထက်တန်းကျောင်း (၉ တန်းထိ) သင်ကြား ပြသနေကြသော ဆရာများ၊ ဘာသာကောင်းဟု သတ်မှတ်ကြတဲ့ ဘာသာရပ်တွေကို မရှက်မကြောက် လုကြ၊ တောင်းကြတာ ဘာကြောင့်လဲ။ အတန်းပိုင်အဖြစ် အလုအယက် တောင်းကြတာ ဘာကြောင့်လဲ။ ဆရာ၊ ဆရာမများ ဟာ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားပြီး ဘုရားစင်ပေါ် တင်ထားကြတာပါ။ အခုကတော့ ဆရာ၊ ဆရာမ များ ဘုရားစင်ပေါ်က ခုန်ဆင်းသွားကြပါပြီ (ဆရာတိုင်းကို မဆိုလိုပါ)။ မိမိကျောင်း၊ မိမိအတန်း၊ မိမိဘာသာကို မိမိကိုယ်တိုင် ကျောင်းမှာ သင်နေပါလျက် အဘယ်ကြောင့် အိမ်တွင်း ကျူရှင် လာတက်ရန် မရှက်မကြောက် ခေါ်ရဲပါသနည်း။ မိမိအိမ်တွင် ကျူရှင်တက်သူကို မေးခွန်းကအစ ကူညီပြီး အဆင့်ကောင်းရန် အဘယ်ကြောင့် မသမာသော နည်းကို သုံးရပါသနည်း။ အချို့ ဆရာ၊ ဆရာမ ဆိုလျှင် မိမိက ဆရာဖြစ်သော်လည်း ကျောင်းသားကို စိုးရွံ့စွာ ဆက်ဆံနေရသည်မှာ အဘယ်ကြောင့်နည်း။ ကျောင်း စာသင်ခန်းထဲတွင် သင်ကြားမှုမှာ သာမန်ဖြစ်သော်လည်း မိမိ ကျူရှင် တွင် ပိုမို ကောင်းမွန်စွာ သင်ကြားနေကြသည်မှာ အဘယ်ကြောင့်နည်း။
ဤကဲ့သို့ အကျင့်ပျက် ဆရာ၊ ဆရာမများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ပါလျက် အရေးယူ ဆောင်ရွက်မှုအားနည်းခြင်း သည် ကျောင်းသား၊ ကျောင်းသူများ ပညာ တတ်မြောက်မှုကို လွန်စွာ ထိခိုက်စေသည့် အကျင့်ပျက် ရလဒ်ဆိုး ဖြစ်ပေသည်။ အစိုးရ စာမေးပွဲ ဖြစ်သော တက္ကသိုလ် ဝင်တန်းကို ကျောင်းမှ ဆရာများ ကျူရှင်ပေးသည် ဆိုခြင်းကို ခွင့်လွှတ်သော အကြည့်၊ လက်ခံ နားလည်သော အတွေးဖြင့် ဖြေဖျောက် နိုင်သော်လည်း ကျောင်းတွင် သင်ကြားမှုကို သင့်တော်ရုံသာ သင်ပြီး ကျူရှင်ရောက်မှ အားစိုက်သင် ခြင်းမျိုးကို ရှုတ်ချ ပြစ်တင်ရမည်သာ ဖြစ်ပေသည်။
အချုပ်အားဖြင့် တင်ပြရမည်ဆိုလျှင် အောင်ချက် ရမှတ်ကို အဓိကထားပြီး စနစ်ဟောင်း၏ အလွတ် ကျက်ဖြေ ပညာရေး စနစ်ကြောင့် အထက်တွင် ပြဆိုခဲ့သည့် ကျူရှင်များ၊ သင်ရိုးမာတိကာ ကုန်အောင် မသင်ဘဲ သင်ရိုး တစ်ဝက်ကိုသာ ဇောက်ချ သင်ကြားသော (အောင်ချက်ကို အဓိကထားပြီး ပညာ တတ်မြောက်မှုကို မျက်ကွယ်ပြု သင်ကြားသော) ကျူရှင်များ ပေါ်ထွန်းခဲ့ကြသည်။ နိုင်ငံတော်၏ သားကောင်း ရတနာများ တက္ကသိုလ်ဘွဲ့ ရပါလျက်နှင့် နိုင်ငံ အကျိုးပြု လုပ်ငန်းများတွင် အသုံးချမရ ဖြစ်နေကြသည့် စနစ်ဟောင်း၏ ဆိုးကျိုးများကို ခေတ်မီ ပညာစနစ်သို့ ပြောင်းလဲသောအခါ သတိထား ပြုပြင်ရမည့် ကဏ္ဍတစ်ရပ် အနေနှင့် ဖော်ပြလိုက်ပါသည်။
(ဦးတင်စော)
The Voice Weekly