Home » » နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ကိုရင်တစ်ပါး မိမိကိုယ်ကိုယ် မီးရှို့သတ်သေ

နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ကိုရင်တစ်ပါး မိမိကိုယ်ကိုယ် မီးရှို့သတ်သေ

Written By Unknown on Sunday, July 14, 2013 | 4:08 PM

မန္တလေး၊ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရေဦးကျေးရွာအနီး တောရဘုန်းကြီးကျောင်း အနီးရှိ သမီးဝှက်တောင်တွင် နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ဟုဆိုကာ ကိုရင်တစ်ပါး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အာဂန္တုကိုရင် အရှင်ပညာနန္ဒ(ခ) ဇော်မျိုးအောင်၊ ၂၀ နှစ်၊ ဝါတော် ၇ ဝါသည် နှလုံးရောဂါ ဖြစ်နေသဖြင့် ဖခင်ဖြစ်သူ သမီးဝှက်တောင်ခြေ၊ တောရကျောင်းထိုင် ဆရာတော် ဦးသုမဏ(ခ)ဦးဘိုနီ၊ သက်တော် ၇၀ နှစ်၊ ဝါတော် ၁၆ ဝါထံသို့ ဆေးကုသရန် ဇူလိုင်လ ၁၂ ရက် နံနက်တွင် လာရောက်ခဲ့ပြီး ၄င်းဆေးရုံတက်စဉ် လူနာစောင့် အခက်အခဲ အပါအဝင် ဆေးကုသရန် အခက်အခဲများ ရှိနေသဖြင့် တောရဘုန်းကြီးကျောင်းတွင် အသုံးပြုသော မီးစက်သုံး ဓာတ်ဆီဖြင့် ယင်းနေ့ည၌ မိမိကိုယ်ကိုယ်မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ရဲစခန်းမှ စခန်းမှူး ရဲအုပ်နေလင်းထွန်းက ပြောကြားသည်။

"သူ့အဖေကျောင်းထိုင် ဆရာတော်ကို ဆေးကုပေးဖို့ပြောတယ်။ ဆေးရုံ တက်ရင် လူနာစောင့်နဲ့ ဆိုတော့ အဆင်မပြေပုံရတယ်။ ရွာကျောင်းလေးကနေ လာတာ။ မသေခင်မှာ သူ့အခန်းထဲမှာ မှတ်စုစာအုပ် တွေ့တယ်။ ရေးသွားခဲ့တာက ခန္ဓာအား ဘုရားအား လှူပါ၏လို့ ရေးခဲ့တယ်။ ဆေးကုဖို့လာပြောပြီး နောက်ပိုင်းဖြစ်တာ" ဟု ရဲအုပ်နေလင်းထွန်းက ပြောဆိုသည်။

အဆိုပါ ကိုရင် သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိပြီး တူးကုန်းရဲကင်းက သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၃)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြိုးဖြိုးဇော် - The Voice Weekly