ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရဲ့ ရုံးဖွင့်ရက် မနက်ခင်းတစ်ခုဆိုတာကတော့ဗျာ .. . တက်သုတ်ရိုက်စားတဲ့ မနက်စာရယ်၊ လူတွေနဲ့ ပြည့်ကျပ်နေတဲ့ ဘက်စ်ကားရယ်၊ ကားတွေနဲ့ ပြည့်ကျပ်နေတဲ့ လမ်းမကြီးရယ်၊ ကားစီးရင်းဘုရား “တ” ရတာတွေရယ်ပေါင်းမှ ပြည့်စုံတာမျိုး မဟုတ်လား...။
ဒါကြောင့် အဲဒီနေ့မနက်ကလည်းကျုပ်ဟာ မနက်စာကို ခပ်မြန်မြန်စားပြီး မြောက်ဥက္ကလာ-ဆူးလေ ကား ပေါ်အပြေးအလွှား ခုန်တက်ခဲ့ရတာ ထူးဆန်းတယ်မဆိုသာဘူးပေါ့။ ကားပေါ်ရောက်ပြီးတော့လည်း ထုံးစံအတိုင်း စပါယ်ယာကအော်၊ လူတွေကတိုး၊ ဒရိုင်ဘာကလည်း ဖော်မြူလာဝမ်းကား ပြိုင်ပွဲလို မောင်းနဲ့ ခါတိုင်းနေ့တွေလိုပါပဲ။
ဒါပေမဲ့ ချော်တွင်းကုန်းမီးပွိုင့်ကို အရောက်မှာတော့ ထူးခြားတာတစ်ခုဖြစ်သဗျ။ ဖြစ်ပုံက ဒီလို ...။ ကျုပ်စီး လာတဲ့ကားက ကမ္ဘာအေးမှတ်တိုင်မှာ လူရအောင်ကျောက်ချပြီး ရပ်နေလိုက်တော့ နောက်ကားက မီလာ ပါလေရော။ ဒါနဲ့ပဲ နောက်ကားကျော်မသွားအောင် ဒရိုင်ဘာကတရမန်းကြမ်း မောင်းတော့တာပေါ့။
ချော်တွင်းကုန်းမီးပွိုင့်ကို တန်းစီစောင့်နေတဲ့ ကားတန်းကိုလည်းတွေ့ရော ဒရိုင်ဘာက ယာဉ်ကြော ပြောင်းပြန်ယူပြီး ကျော်တော့တာပဲ။ ယာဉ်ကြောတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ မီးပွိုင့်က စိမ်း သွားတော့ စပယ်ယာက အစ်ကိုကြီးရေတစ်စီးလောက်လို့ အော်ဟစ်တောင်းရမ်းပြီး ယာဉ်ကြောအမှန်ကို ပြန်ဝင်တယ်။ အဲ ...ဒါပေမဲ့ ကြိုးစားရကျိုးမနပ်ရှာဘူးဗျ။
ကားမီးပွိုင့်ထိပ်ရောက်တဲ့အချိန်မှာပဲ ပွိုင့်က ပြန်နီသွားပြန်တယ်။ ဒါနဲ့ပဲ စပယ်ယာကနောက်ကား အကျော်မခံရအောင် နောက်တစ်မျိုးကြံတဲ့အနေနဲ့ ချော်တွင်းကုန်းဆင်းမယ့်သူတွေ ဒီမှာဆင်းကြပါဆိုပြီး မီးပွိင့်မှာ လူချတော့တာပဲ။ ဒါမှ မှတ်တိုင်ကျရပ် စရာမလိုမှာ မဟုတ်လား။
ဒါပေမဲ့ လူနှစ်ယောက်ဆင်းပြီးလို့ သုံးယောက်မြောက်မဆင်းရသေးခင်မှာပဲ ယာဉ်ထိန်းရဲတစ်ယောက် ကားတံခါးပေါက်ကို ရောက်လာတော့တာပဲ။ ယာဉ်ထိန်းရဲကိုမြင်တော့ ကျုပ်ကတော့စိတ်ပျက်သွားတာ ပေါ့ဗျာ။ ဖမ်းဟယ်စီးဟယ်နဲ့ဆို အချိန်ကြန့်ကြာတော့မယ် မဟုတ်လား။ ဒါပေမဲ့ ယာဉ်ထိန်းရဲက မဖမ်းဘူးဗျ။ စပယ်ယာကို တံခါးပိတ်ဖို့အချက်ပြပြီး ဒရိုင်ဘာကိုအောက်က နေလှမ်းပြောတယ်။ သူပြောတဲ့ စကားတွေကိုကြားတော့ ကျုပ်ဖြင့်အံ့သြလိုက်တာ မပြောနဲ့။ သူပြောတာက ဒီလိုဗျ ...။
ဆရာကြီး မီးပွိုင့်မှာလူမချပါနဲ့။ အန္တရာယ် များပါတယ်။ ဆရာကြီးလည်း ကားမောင်းတာကြာပြီပဲ။ သိပြီး သားနေမှာပါ။ ဒီတစ်ခေါက်ကတော့ ပညာပေးအနေနဲ့ သတိပေးရုံပဲပေးပြီး မဖမ်းပါဘူး။ ဒါပေမဲ့ နောက် တစ်ခါတော့ မလုပ်ပါနဲ့ ...တဲ့။
ကျုပ်ဖြင့် အဲဒီစကားကြားပြီး အံ့သြလိုက်တာဗျာ။ ဒီိလိုမျိုး ယာဉ်ထိန်းရဲနဲ့ ကားသမား ပြေပြေလည်လည် ပြောတာဆိုတာအရင်က ကြုံမှမကြုံဖူးတာကိုး။ အဲဒီထက်အံ့သြရတာကတော့ ရှေ့ကိုခရီးဆက်တဲ့ အချိန်မှာပဲ။ ဘာလို့လဲဆိုတော့ ကျန်တဲ့ခရီးတစ်လျှောက်လုံး ဒရိုင်ဘာက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနဲ့အညီ နှေးလည်းမနှေး၊ မြန်လည်း မမြန်ပဲမောင်းတော့သလို၊ စပယ်ယာကလည်း ခရီးသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသွားလို့ပဲဗျ။ အဲ ...တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ကားကတော့ ကျော်တက်သွားတာပေါ့။
ကျုပ်လို ခရီးသည်တစ်ဦးအတွက်တော့ နောက်ကားကျော်တက်သွားတာ ဘာအရေးလဲဗျာ။ ကျန်ခရီး တစ်လျှောက်လုံး စိတ်အေး၊ လက်အေးနဲ့ ခရီးဆက်ရတာနဲ့တင်ပဲ မင်္ဂလာရှိလှပြီလို့ တွေးမိတယ်လေ။
အဲဒီနောက်တစ်ဆက်တည်း တွေးမိတာက ပညာပေးစည်းရုံးမှုရဲ့ အရေးပါပုံကိုပဲဗျ။ ကျုပ်က စာတွေ၊ ပေတွေထဲမှာတော့ ပညာပေးစည်းရုံးဖို့ လိုအပ်တဲ့အကြောင်းတွေ နည်းနည်းပါးပါး ဖတ်ဖူးပါရဲ့။ ဒါပေမဲ့ ခုလို လက်တွေ့ကြံလိုက်ရမှပဲ ပညာပေးစည်းရုံးတာ ဒီလောက်ထိရောက်မှန်း သိလိုက်တာကိုး။
ဒီလိုသိလိုက်တော့ ကျုပ်တို့ရပ်ကွက်ထဲက အမှိုက်မပုံရ၊ ဒဏ်ငွေ ၁၀,၀၀၀ လို့ဆိုင်းဘုတ်တပ်ထားတဲ့ အမှိုက်ပုံကြီးကို မျက်စိထဲပြေးမြင်လိုက်မိတယ်။ တကယ်လို့များ တကယ် ထိထိရောက်ရောက်အရေး မယူနိုင်ဘဲတပ်ထားတဲ့ ဒဏ်ငွေ ၁၀၀၀၀ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြုတ်ပြီး တာဝန်ရှိသူတစ်ဦးက ၊ ဒါမှ မဟုတ်တာဝန်သိ ရပ်ကွက်သူ၊ ရပ်ကွက်သားတစ်ဦးက အမှိုက်လာပစ်တဲ့သူတွေကို အမှိုက်ကို စည်း ကမ်းမဲ့ပစ်ခြင်းရဲ့ ဆိုးကျိုးတွေကို ရှင်းပြ၊ ပြောပြနေမယ်၊ ပြီးတော့ အမှိုက်လှည်း အချိန်မှန်လာအောင် လည်းစီစဉ်ပေးမယ်ဆိုရင် အဲဒီအမှိုက်ပုံကြီး တစ်လထက်ပိုမခံဘူးလို့ တွေးနေမိတယ်ဗျ။
ဒီလိုနဲ့ ကျုပ်ဟာပညာပေးစည်းရုံးမှု အကြောင်း ဟိုဟိုဒီဒီလျှောက်စဉ်းစားလာလိုက်တာ ကားသာ ဆူးလေရောက်သွားတယ် ကျုပ်အတွေးတွေကတော့ မဆုံးနိုင်သေးဘူး။ ဒါနဲ့ပဲကားပေါ်ကဆင်းပြီး ကျုပ် အလုပ်တိုက်ရှိရာ ၃၈ လမ်းဘက်လျှောက်လာရင်း ဆက်တွေးလာတာပေါ့လေ။ ဘယ်လောက်တောင် တွေးကောင်းကောင်းနဲ့ တွေးလိုက်သလဲဆိုရင် လမ်းကူးရမယ့် နေရာရောက်တာတောင် မကူးမိဘဲ ကျော်သွားတဲ့အထိပဲ။
ဒါပေမဲ့ တော်ပါသေးတယ်။ ကျုပ်လမ်းကူးရမယ့်နေရာနဲ့ ခပ်လှမ်းလှမ်း အရောက်မှာပဲ သတိဝင်သွားလို့။ ဒါနဲ့ကျုပ်လည်း သတိဝင်ဝင်ချင်းပဲ ဥဒဟိုသွားနေတဲ့ ကားတွေကြားထဲကနေ ရန်ကုန်သားပီပီလှစ်ကနဲ၊ လှစ်ခနဲနေအောင် ဖြတ်ကူးတော့တာပေါ့။ အဲဒီလိုသက်စွန့်ဆံဖျားကူးပြီးလို့ လမ်းတစ်ဖက်ကမ်းလည်း ရောက်ရော...လား..လား ...ကျုပ်ကို ယာဉ်ထိန်းရဲကြီးတစ်ဦးက ပြုံးပြုံးကြီးကြည့်နေတာကိုးဗျ။ ဒီတော့မှ ကျုပ်လည်း အထိတ်တလန့်နဲ့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျုပ်ကမျဉ်းကျားကမကူးမိဘဲမျဉ်းကျား နှစ်ခုရဲ့အလယ်ကောင် တည့်တည့်က ကူးလိုက်မိတာကိုး။
ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ ယာဉ်ထိန်းရဲကြီးကိုကြည့်ပြီး မချိပြုံးလေးပြုံးပြလိုက်မိတယ်။ ပြီးတော့လည်း စိတ်ထဲကနေဖွဟဲ့ ပညာပေးဟောပြောပြီး လွှတ်လိုက်ပါစေလို့ ဆုတောင်းနေတာပေါ့။ ဒါပေမဲ့ ယာဉ်ထိန်းရဲကြီးက ကျုပ်ကိုပြုံးကြည့်ပြီး ပြောတယ်။ ကဲ ဆရာလေး ...ကျွန်တော်တို့ ဒီနားမှာ မျဉ်းကျား ကမကူးတဲ့သူတွေကို ပညာပေးရုံတင်ပေးပြီး လွှတ်ပေးနေတာတစ်ပတ်ရှိပြီ။ ဒီနေ့တော့ မရတော့ဘူး။ ကားပေါ်ကြွပေတော့...တဲ့ဗျာ။
ဒါနဲ့ပဲ ကျုပ်ဟာအဲဒီနေ့က ပညာပေးစည်းရုံးမှုအကြောင်း အတွေးကောင်းတာနဲ့ ပညာပေးတာနဲ့မကြုံဘဲ ဒဏ်ပေးတာနဲ့ညားပြီး လစာအဖြတ်ခံလိုက်ရတဲ့အပြင်၊ ဒဏ်ငွေပါထိသွားပါရောလား ...။ ။
မင်းသန့်
Mizzima - News in Burmese