Home » » အိန္ဒိယထံမှ ရေကြောင်းဆိုင်ရာလက်နက် အကူအညီရရှိရန် မြန်မာကြိုးစား

အိန္ဒိယထံမှ ရေကြောင်းဆိုင်ရာလက်နက် အကူအညီရရှိရန် မြန်မာကြိုးစား

Written By Unknown on Tuesday, July 30, 2013 | 6:09 PM

မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် အတွင်း ရေကြောင်းဆိုင်ရာ လက်နက်အကူအညီတွေရရေး ကြိုးပမ်းနေပါတယ်။

အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေက အိန္ဒိယ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ (D K Joshi)၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရပ်ဟာ ခရစ်သျှနမာသာ (Radha Krishna Mathur) တို့နဲ့ မနေ့က တွေဆုံရာမှာ တောင်းဆိုခဲ့တာလို့ အိန္ဒိယသတင်းတွေမှာ ရေးပါတယ်။

အနာဂတ်တိုင်းပြည်အတွက် လိုအပ်တဲ့ရေကြောင်းဆိုင်ရာ ပစ္စည်းစာရင်းကို မြန်မာ စစ်ဗိုလ်ချုပ်က ဆွေးနွေးပွဲမှာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းလွန်ကင်းလှည့် သဘောင်္တွေတည်ဆောက်ရေး၊ ရေတပ်ထောက်လှမ်းရေးစနစ်နဲ့ ရေတပ်ကို ပိုမိုအားကောင်းလာမယ့် လက်နက်တွေ ရရှိရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေတပ်အကြီးအကဲနဲ့ တွေ့ဆုံရာမှာ ရေတပ်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရေး၊ သင်တန်းနဲ့ အထောက်အပံ့တွေ ရရှိရေး အရည်အချင်းမြင့်တင်ဖို့ တည်ဆောက်ရေးတွေကို မြန်မာရေတပ် အကြီးအကဲက ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယရေတပ်ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဗိုလ်ချုပ်ကြီးဂျိုရှီကလည်း မြန်မာကို အနီးကပ် အိမ်နီးချင်းအဖြစ် ပြောဆိုခဲ့သလို နယ်မြေ ရေပိုင်နက်တွေလည်း ထိစပ်နေပြီး ရေတပ်အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ-မြန်မာ ၂ နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး  အိန္ဒိယနိုင်ငံ  All India Radio အသံလွှင့်ဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့  ဒီမိုကရက်တစ်ပါတီ (မြန်မာ) အတွင်းရေးမှူးချုပ်  ဒေါ်သန်းသန်းနုက အခုလို သုံးသပ်ပြောပါတယ်။

“၆၂ နောက်ပိုင်းမှာ စစ်အစိုးရကို တော်လှန်နေတဲ့ အင်အားစုကလည်း အများကြီးပဲပေါ့နော်။ ၈၈ အရေးအခင်းနောက်ပိုင်း ကျမတို့ အသံလွှင့်တဲ့အခါမှာ မစ္စတာ ရာဂျစ်ဂန္ဒီက မြန်မာပြည်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အသံလွှင့်ခွင့်ပေးတယ် တရက်ကို ၁၀ မိနစ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး စစ်အစိုးရက မကျေနပ်ဘူး။ အဲဒီမတိုင်ခင်ကတည်းကလည်း မြန်မာနဲ့ အိန္ဒိယ ဆက်ဆံရေးဟာ အေးနေတယ်။ ကျမတို့ကို အသံလွှင့်ခွင့်ပေးတာတို့၊ ၈၈ မှာ တိမ်းရှောင်လာတဲ့ ကျောင်းသား၊ ရဟန်းရှင် လူအများကြီး၊ ဒီမိုကရေစီ အင်အားစုတွေကို နေထိုင်ခွင့်ပေးလို့ မကျေမနပ် ဖြစ်နေတယ်ဆိုတော့ ဆက်ဆံရေးဟာ နည်းနည်းတင်းမာတာပေါ့။ အခုလို ပြေပြေပြစ်ပြစ်တော့ မရှိဘူးပေါ့။

“မြန်မာနိုင်ငံက ဒီမိုကရေစီခေတ် လွတ်လပ်ရေးရပြီး ကျမအဖေလက်ထက်တုန်းကဆိုရင် မြန်မာနိုင်ငံက အင်အားကြီး နှစ်နိုင်ငံကြားမှာ ရှိတော့ နှစ်နိုင်ငံစလုံးကို ချစ်ကြည်ရေးကောင်းအောင်လို့ ဆက်ဆံခဲ့တယ်။ ဆက်ဆံခဲ့တဲ့ အတိုင်းလည်း အင်မတန်ကောင်းတယ်။ နောက်ပိုင်းမှာတော့ ဆက်ဆံရေးတွေ မကောင်းဘူး။ အရင်တုန်းကဆိုရင် ပညာရေးအတွက်လည်း ကျမတို့က အိန္ဒိယနိုင်ငံမှာသွားပြီးတော့ ပညာတော်သင်တာတွေ၊ သူတို့ ပညာသင်ဆုတွေ ပေးတာ ရှိတယ်၊ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ  ရပ်သွားတယ်။ အခုတော့ ပြန်စနေပါပြီ။ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးနဲ့ သူတို့ ချိန်ခွင်လျှာထိုးတဲ့ သဘောလည်း မဟုတ်ပါဘူး။ ဒါရှိသင့်ရှိထိုက်တဲ့ ဆက်ဆံရေးလို့ပဲ ကျမမြင်ပါတယ်။”

အရင်ဆယ်စုနှစ်တုန်းက ဗြိတိန်က စစ်လက်နက်တွေ မြန်မာကို တင်ပို့တာကို ပိတ်ဆို့ထား ပေမယ့် အိန္ဒိယက ကျွန်းနဲ့ ရေပိုင်နက် ကင်းလှည့်လေယာဉ် ၄ စင်း မြန်မာကို ပေးခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ဟာ မြန်မာရဲ့ ရေကြောင်းဆိုင်ရာ အရည်အသွေးမြင့်တင်ရေး ကိစ္စရပ်တွေမှာ အကူအညီပေးလာတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အိန္ဒိယက မြန်မာရေတပ်ဖွဲ့ဝင် ၅၀ လောက်ကို လေ့ကျင်ပေးထားသလို ဒီနှစ်အစောပိုင်းကလည်း ၂ နိုင်ငံ ပထမဆုံးအကြိမ် ပူးပေါင်း ကင်းလှည့်ခဲ့ပြီး မှောင်ခိုနဲ့ ရာဇ၀တ်သားတွေကို တိုက်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် သူရသက်ဆွေဟာ အိန္ဒိယကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် ဘီကရမ်ဆင်း (Bikram Singh)၊ အိန္ဒိယလေတပ် ဒုတိယအကြီးအကဲ အာရွတ်ပ် ရဟာ (Arup Raha)နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

by ကို​ထွေး​  (ဒီဗွီဘီ)