Home » » ဘင်္ဂါလီ လူဦးရေစာရင်း နိုင်ငံတကာ အဖွဲ့အစည်းများ ကြားခံ၍ ဆက်ကောက်မည်

ဘင်္ဂါလီ လူဦးရေစာရင်း နိုင်ငံတကာ အဖွဲ့အစည်းများ ကြားခံ၍ ဆက်ကောက်မည်

Written By Unknown on Monday, July 22, 2013 | 5:33 PM

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် ခေတ္တ ရပ်ဆိုင်းထားသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ယူမှုကို နိုင်ငံတကာကြားခံ အဖွဲ့အစည်း (Third Party) အကူအညီဖြင့် ဆက်လက် ကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ယူမှုကို အစိုးရနှင့် ဒေသခံ ရခိုင် တိုင်းရင်းသား မဟုတ်သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူ့အဖွဲ့အစည်းပေါ် သြဇာညောင်းသည့် နိုင်ငံတကာ အဖွဲ့အစည်း အကူအညီဖြင့် ကောက်ယူ မည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကျွန်တော်တို့ Third Party နဲ့ စည်းရုံးနေပါတယ်။ ဒါက လူမျိုးရေးနဲ့လည်း မဆိုင်ဘူး။ စာရင်းကောက် တာ မခံရင် ဖွံ့ဖြိုးမှုအတွက် လုပ်ပေးဖို့ အားနည်းသွားလိမ့်မယ်” ဟု ဦးခင်ရီက ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ အထိ ၁၂ ရက်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းမတိုင်မီ ဘင်္ဂါလီ လူဦးရေစာရင်းကို အပြီးသတ် ကောက်ခံ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုအဆင့် စီမံချက်အရ ဧပြီလ ၂၆ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ယူရာတွင် လူမျိုးနေရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းရန် ဘင်္ဂါလီများက တောင်းဆိုရာ သက်ဆိုင်ရာက ခွင့်မပြုသဖြင့် စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရပြီး လူဦးရေစာရင်း ကောက်ယူမှု ခေတ္တ ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအနေနှင့် မည်သည့်အချိန်ကမှ လက်ခံခြင်း မရှိကြောင်း၊ အင်္ဂလိပ် ခေတ်တွင် ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းနှင့် စစ်တမ်းများ၌ပင် စစ်တကောင်းသား ဘင်္ဂါလီဟုသာ ပါရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန် ပြောကြားထားသည်။

The Voice Weekly