Home » » မသန်စွမ်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရ

မသန်စွမ်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရ

Written By Unknown on Monday, July 22, 2013 | 5:43 PM

မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်းရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မကျင့်ခံရသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ်သာရှိသေးပြီး မွေးရာပါ စကားမပီ၊ မသန်စွမ်းဖြစ်နေသူဖြစ်ကာ ၎င်းသည် လွန်ခဲ့သော ၁၀ ရက်ခန့်ကတည်းက မိခင်ဈေးရောင်းပြီး ပြန်လာတိုင်း အဓမ္မကျင့်ခံရသည့်အကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောပြခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သို့ဖြင့် မိခင်ဖြစ်သူက လက်ဟန်ခြေဟန်ဖြင့် သူ့သမီးငယ်ပြောပြသည့် အကြောင်းအရင်းမှန်ကို သိရှိရန် ဇူလိုင် ၁၈ ရက်တွင် ဈေးရောင်း မသွားပဲ နေအိမ်ရှေ့ခရေပင်ပေါ်တက်၍ စောင့်ကြည့်နေခဲ့ကြောင်း၊ ထိုသို့ စောင့်ကြည့်နေရာ သူ့သမီးငယ်က နေအိမ်ရှိ ဘုရားစင်ရှေ့တွင် တုံးလုံးလှဲနေစဉ် တစ်ရွာတည်းနေ အသက် ၄၈ နှစ်အရွယ် ကိုဖိုးထူး ဆိုသူက ရောက်လာပြီး အဓမ္မပြုကျင့်သည်ကို တွေ့မြင်ခဲ့ရကြောင်း ကာယကံရှင်က ရဲကို ထွက်ဆိုရာတွင် စွပ်စွဲပြောဆိုထားသည်။

မိခင်ဖြစ်သူသည် သူ့သမီးငယ် အဓမ္မကျင့်ခံနေရသည်ကို သစ်ပင်ပေါ်မှ မြင်နေရသော်လည်း အသက်အန္တရာယ်ပြု ခံရမည်စိုးသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ မတောင်းရဲခဲ့ကြောင်းလည်း ရဲကို တိုင်တန်းရာတွင် ထည့်သွင်းပြောဆိုထားသည်။

အဓမ္မပြုကျင့်သူ ထွက်သွားပြီး သမီးဖြစ်သူ ငိုနေချိန်မှ ကလေးမိခင်သည် သစ်ပင်ပေါ်မှဆင်းလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်း အကြောင်းကြားခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ရပ်ရွာ အုပ်ချုပ်ရေးမှူးထံမှတဆင့် ရဲစခန်းသို့ ရောက်လာပြီး မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ ရဲကို တိုင်တန်းခဲ့သဖြင့် ကွမ်းခြံကုန်း ရဲစခန်းက အမှုအမှတ်(ပ)၁၄၉/၁၃ ဖြင့် အမှုဖွင့်ထားပြီး အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံရသည့် ကိုဖိုးထူးကို ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရမည်ဟုလည်း ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese