Home » » ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း ဇူလိုင် ၂၅ စရောင်းမည်

ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း ဇူလိုင် ၂၅ စရောင်းမည်

Written By Unknown on Monday, July 22, 2013 | 5:16 PM

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ဧပြီလမှ စတင်၍ CDMA ဆင်းကတ် သုံးသိန်း ငါးသောင်းကို လစဉ် ခွဲဝေ ရောင်းချခဲ့ပြီး ဇူလိုင်လတွင် CDMA တစ်သိန်း ငါးသောင်းနှင့် GSM နှစ်သိန်း စုစုပေါင်း သုံးသိန်း ငါးသောင်းကို ယခင် စနစ်များ အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

GSM ဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခွဲဝေ ချထားရာ တွင် လိုင်း တပ်ဆင်အား ပေါ် မူတည်ကာ အရေအတွက် ခွဲဝေမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လိုင်း တပ်ဆင်အား မလုံလောက် သည့်အတွက် အရေအတွက် လျှော့၍ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။

“ကျွန်တော်တို့ တိုင်းအတွက် GSM အလုံး တစ်သောင်းပဲ ရတယ်လို့ ပြော တယ်။ ဂဏန်းတွေက ၀၉ ၂၅ ကနေ ၀၉ ၂၉ အထိ ရှိတယ်လို့ ကြားတယ်” ဟု မကွေးတိုင်းဒေသကြီး မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် WCDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ချင်းပြည်နယ်အတွက် ချထားပေးသည်ဆိုသော်လည်း အဆိုပါ နံပါတ်များ ဖုန်းဈေးကွက်အတွင်း ရောက်ရှိခြင်း မရှိကြောင်း၊ GSM ဆင်းကတ်များ စတင် ချထားပေးသည့်အတွက် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြောင်း မန္တလေးမြို့တော်မှ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လအတွက် မိုဘိုင်းလ်ဖုန်း ခွဲဝေ ချထားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းသော် လည်း ရုံးပိတ်ရက်အတွင်း ဆက်သွယ်ရေးက ကြေညာသည် ဖြစ်၍ အသေးစိတ် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

စတင် ချထားပေးမည့် ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များတွင် ယခင် CDMA ဆင်းကတ်များကဲ့သို့ ပင် ကြိုတင် ငွေကျပ် သုံးရာ ဖြည့်သွင်းထားပြီး ၁၅ ရက် အတွင်း စတင် အသုံးပြုရန် လိုအပ်ကာ တစ်လလျှင် အနည်းဆုံး ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အသုံးပြုရမည် ဖြစ်သည်။

The Voice Weekly