Home » » လှိုင်မြစ်အတွင်း သဲစုပ်စက်လှေပေါ်တွင် လူသတ်မှုဖြစ်

လှိုင်မြစ်အတွင်း သဲစုပ်စက်လှေပေါ်တွင် လူသတ်မှုဖြစ်

Written By Unknown on Thursday, July 18, 2013 | 7:05 PM

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်အတွင်း ရွှေပြည်သာတံတား အနီးရှိ သဲစုပ်စက် လှေတစ်စီးပေါ်တွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်က လှေဝန်ထမ်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ထွန်း သဲ၊ ကျောက် ရောင်းဝယ်ရေးပိုင် ရွှေလမင်း(၃)သဲစုပ် စက်လှေပေါ်တွင် အသက် ၃၂ နှစ်အရွယ်ရှိ ဦးတောက်ထွန်း နှင့် အသက် ၃၉ နှစ် အရွယ် ဦးမြရွှေတို့ အရက်အတူသောက်ရာမှ ဦးတောက်ထွန်းက စက်လှေမီးပိတ်သည်ကို ဦးမြရွှေက မကျေနပ်၍ စကားများ ရန်ဖြစ်ရာ ဦးတောက်ထွန်းက စက်လှေပေါ်ရှိ သံလွန်ဆူးဖြင့် ထိုးသဖြင့် ဦးမြရွှေ၏ ဘယ်ဘက်နားထင်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသောကြောင့် အင်းစိန်မြို့နယ် ဆေးရုံသို့ တင်ပို့စဉ် လမ်း၌သေဆုံးခဲ့ကြောင်း အမှုစစ် ရဲအုပ်ဌေးဝင်းက The Voice သို့ ပြောကြားသည်။

“ထိုးတဲ့သူက အနားမှာရှိတဲ့ စက်လှေပေါ်မှာ ပုန်းနေတာ။ ထိုးတဲ့သူကိုလည်း မိပါတယ်” ဟု ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် အလယ်ရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လူသတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူ ဦးတောက်ထွန်းကို (ပ)၇၈၅/၁၃၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly