ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ နစ်နာဆုံးရှုံးမှု အကြီးမားဆုံးနဲ့ ရင်နင့်ကြေကွဲစရာ နှမြောတသစရာ အကောင်းဆုံးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ နှစ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ပုဂ္ဂိုလ်ကြီး ၈ ဦးဟာ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုတိုင်းပြည်အတွက် အသက်စွန့်လွှတ်သွားခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့လို့ အစဉ်အဆက် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာ န၀တစစ်အစိုးရက အာဏာသိမ်းယူလိုက်တဲ့ အချိန်ကစပြီး အလွန်အရေးပါတဲ့ အမျိုးသားရေးဆိုင်ရာနေ့တနေ့အဖြစ် မကျင်းပတော့သလို အာဇာနည် ခေါင်းဆောင်ကြီးများရဲ့အကြောင်းကိုလည်း အများပြည်သူသိအောင် ဟောပြောရေးသား အသံလွှင့်တာမျိုးတွေ ဆုတ်ယုတ် လျော့ပါးလာခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာမှ အာဇာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ရေသားဖော်ပြခွင့်တွေ ရလာခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ မြန်မာ့အသံက ဥဩဆွဲဖို့ အစီအစဉ်မရှိပေမယ့် အာဇာနည်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အစီအစဉ်ထုတ်လွှင့်မှုကို ခေတ္တရပ်ထားမယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူး ဦးဇေယျာက ဒီဗွီဘီကို ပြောပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်တွေနဲ့ ဂုဏ်ပြုတေးသီချင်းတွေကို ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ ရုပ်မြင်သံကြားမှာတော့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့ ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၁၉ ရက် “အာဇာနည်နေ့ ” နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲသံ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
ယခင် န၀တ၊ နအဖစစ်အစိုးရ သက်တမ်းတလျှောက်မှာတော့ လက်ရှိ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ လွတ်လပ်ရေးဗိသုကာကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဟောပြော ရေးသားတာမျိုးတွေ လုပ်ခွင့်မပြုတော့ပါဘူး။ စာသင်ကျောင်းများနဲ့ တက္ကသိုလ်ကျောင်းများမှာလည်း ဟောပြောဖို့ မဆိုထားနဲ့ သုတေသန စာတမ်းလုပ်ဖို့ လေ့လာခွင့်တောင် မပြုတော့ပါဘူး။
ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာဟာ အများပြည်သူရဲ့မျက်မှောက်ကနေ ပျောက်ကွယ်သလောက် ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အစဉ်အမြဲ သတိရနေရမယ့် ကျေးဇူးရှင်တပါး ဖြစ်သလို အစဉ်ထာဝရ ဂုဏ်ယူနေရမယ့် အာဇာနည် ပုဂ္ဂိုလ်မြတ်တပါး ဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံခံရမှု သက်သက်နဲ့ အာဇာနည်ဘွဲ့ထူးကို ရခဲ့တာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်အရွယ် ၁၉၃၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်တဲ့အချိန်ကစပြီး ၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံရတဲ့အချိန်ထိ ကျောင်းသားခေါင်းဆောင်ဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံရေးခေါင်းဆောင်ဘဝတွေ တလျှောက်လုံးမှာ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့သူ တဦးပါ။ ဒီလိုခေါင်းဆောင်ကောင်း တယောက်ဖြစ်အောင် ဖန်တီးပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ သူနဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာက ဒီလိုပြောကြားပါတယ်။
“လူငယ်တွေကတော့ အသေးစိတ် သိချင်မှသိမယ်။ ကိုအောင်ဆန်းကို ကျနော် ခံစား မိတာက ရိုးသားတယ်။ အဲဒါ ရှားတဲ့အရည်အချင်းပဲ။ ကျနော်တွေ့ဖူးတဲ့ လူတွေထဲမှာ ရိုးသားတဲ့ နေရာမှာ ထင်ရှားတယ်။ အဲဒီတုန်းကတော့ နာမည် သိပ်မရှိသေးပါဘူး။ ဂျပန်မှာ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဖွဲ့တော့ နာမည်ရှိလာတာပေါ့ဗျာ။ အဲတော့ သူက ကန္ဒီစာချုပ်ချုပ် ပြီးတော့ သူကို မောင့်ဘက်တန်က အရှေ့တောင်အာရှ စစ်သေနာပတိ ထင်တယ်။ အဲဒီတုန်းက လွတ်လပ်ရေး မရသေးဘူး။ သူကိုအင်္ဂလိပ်လို Deputy Inspector General လို့ ခေါ်တယ်။ မြန်မာလိုပြန်လိုက်တော့ ဒုတိယစစ်သေနာပတိပေါ့။ သူက စာပြန်လိုက်တယ်။ အဲဒီစာက ဒေါက်တာမောင်မောင်ရဲ့ Aung San of Burma ထဲမှာလည်း ပါတယ်။ သူကအဲဒါကို လက်မခံ ဘူး။ သူကနိုင်ငံရေးလုပ်မှာမို့လို့ အဲဒီရာထူး မယူပါရစေနဲ့ ဆိုပြီးတော့ မောင့်ဘက်တန်ကို ပေးတဲ့ စာထဲမှာ အတိအလင်း ပါတာပဲ။ ကျနော် အကဲခတ်ရသလောက်တော့ သူက နိုင်ငံရေးလုပ်ရင် စစ်တပ်မှာ မလုပ်စေချင်ဘူးလို့ ယူဆတယ် ထင်တယ်။ စစ်တပ်ကို အသုံးချပြီးတော့ နိုင်ငံရေး လုပ်တာကို သူက ကြိုက်ပုံမရဘူး။ ဒါကြောင့် သူကထွက်တာပဲ။ ကိုအောင်ဆန်းက ရိုးတယ်ဗျ။ အဲဒါတော့ ကျနော်လက်ခံထားတယ်။ ထူးခြားတယ်။ နောက် နိုင်ငံရေးကိုပဲ စိုက်စိုက်မတ်မတ် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တော့ရှိတယ်။ ရားထူးတွေ ဘာတွေ မမက်ဘူး။”
ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ တခြားဂုဏ်ရည်များ၊ ရှိနေသေးကြောင်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီးဟောင်း လွန်းတင်က အခုလို ပြောပြပါတယ်။
“ပဲခူးရိုးမကြောကို ချီတက်တဲ့အခါမှာ ဒီခရီးက ရန်သူ့နယ်မြေကို ထိုးဖောက်ပြီးတော့ ချီတက်ရတဲ့အတွက်ကြောင့် အန္တရာယ်လည်း များတယ်။ နောက်တော့ ပဲခူးရိုးမက ရွာမရှိဘူး။ ရိက္ခာဆိုတာလည်း မရှိဘူး။ ရောက်ခါစဆိုတော့ အစားအသောက်က တော်တော်လေးကို ဒုက္ခရောက်တယ်။ အဲဒီ ခရီးကြမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့နဲ့အတူ မြေကြီးမှာ အိပ်တယ်။ ရတဲ့ဟာစားတယ်။ ရန်သူကို တိုက်သွားတယ်။ ကျနော်က သူအောက်က ရဲဘော်ပဲ။ အဲဒီစစ်သားဘဝမှာ ဗိုလ်တေဇက ကျနော်နဲ့ ဆက်ဆံတဲ့နေရာမှာ ကျောင်းသားကြီးကနေ ကျောင်းသားငယ်ကို ဆက်ဆံတဲ့ သဘောမျိုး ကျနော်ခံစားမိတယ်။”
ဗိုလ်ချုပ်အောင်ဆန်းဟာ ကုလားထိုင်ပေါ်ကနေ အမိန့်ပေးတတ်တဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘဲ သူ့ရဲ့ ရဲဘော်ရဲဘက်များနဲ့အတူ သေအတူ ရှင်မကွာ တိုက်ပွဲဝင်တတ်သူ ဖြစ်တဲ့အကြောင်း သူကိုယ်တိုင် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သလို ရဲဘော်များကို စိတ်ဓာတ်ကြံ့ခိုင်အောင် စစ်မြေပြင်မှာ သွားရောက် အားပေးတတ်သူဖြစ်ကြောင်းကိုလည်း ဗိုလ်မှူးကြီးဟောင်း လွန်းတင်က အခုလို ဆက်ပြောပြပါတယ်။
“အဲဒီလို အမြောက်ဆန်ကြားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ကို ဆုံးမစကားပြောတယ်။ သူပေးတဲ့ ဆုံးမစကားက စိတ်ဓာတ်ပဲ။ သူနမူနာ ပေးတယ် အင်္ဂလိပ်စစ်တပ်နဲ့ ပြင်သစ်စစ်တပ်၊ ဂျာမန်စစ်တပ်နဲ့ ရင်ဆိုင်တဲ့အခါကျတော့ အင်္ဂလိပ်စစ်တပ်က စိတ်ဓာတ်ကောင်းတဲ့အတွက်ကြောင့် သူလူတွေ အားလုံးကို ခေါ်သွားနိုင်တယ်။ ပြင်သစ်စစ်တပ်ကျတော့ စိတ်ဓာတ်ပျော့တဲ့အခါကျတော့ ဂျာမန်ဆီမှာ လက်နက်ချသွားတယ်။ အဲတော့ ဆိုလိုတာက ပြဿနာတခု ဖြစ်လာရင် စိတ်ဓာတ် အရေးကြီးတယ်။ ကျနော်တို့ကို သွယ်ဝိုက်ပြီး တော်လှန်ရေးနီးတဲ့အခါကျတော့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အကြောင်းကို ပြောတာ။ ဆိုလိုတာက စိတ်ဓာတ်ကောင်းရင် အရာရာ အောင်မြင်တယ်။ စိတ်ဓာတ်ပျော့ရင် လက်မြှောက် ဒူးထောက်တဲ့ဘဝ ရောက်တဲ့အကြောင်းကို ကျနော်တို့ကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြောနေခဲ့တာ။ အဲဒီအချိန်မှာ သူပြောနေတဲ့ကာလက အပေါ်က လေယာဉ်ပျံနဲ့ ဗုံးကြဲနေတယ်။”
ဗိုလ်ချုပ်အောင်ဆန်းက ရိုးသားမှု၊ စွန့်လွှတ်မှု၊ ရဲဘော်ရဲဘက်စိတ်ရှိမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု စတဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေကြောင့် ကျောင်းသားခေါင်းဆောင်ကောင်း၊ တပ်မတော် ခေါင်းဆောင်ကောင်းနဲ့ နိုင်ငံရေးသမား ခေါင်းဆောင်ကောင်းအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ဟာ တပ်မတော်ကထွက်ပြီး နိုင်ငံလွတ်မြောက်ရေးကို ဆောင်ရွက်ရင်း ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တကယ့် အာဇာနည်အဖြစ် မြန်မာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ မော်ကွန်းထိုးခံရမယ့်သူ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်ဂုဏ်ရည်ထူးတခုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပြန်ပါတယ်။
“အများအတွက် စွန့်လွှတ်အနစ်နာခံတဲ့ အာဇာနည်လို့ သမိုင်းမှာ ထင်ရှားတဲ့ မော်ကွန်းထိုးခံရမှုဆိုတာ သာမန် အညတရ စွန့်လွှတ်စွန့်စား အနစ်နာခံရသူတွေထက် ပိုပြီးထူးခြားတဲ့၊ ပိုပြီးတော့ကျယ်ပြန့်တဲ့ လုပ်ဆောင်မှု ရှိဖို့လိုတယ်လို့ ကျနော်မြင်တယ်။ ကောင်းပြီ၊ ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် အာဇာနည်ပါလို့ မော်ကွန်းထိုးခံရသလဲ ဆိုတော့ တမျိုးသားလုံးကို ကိုယ်စားပြုနိုင်မှုကိုရအောင် သူအလုပ် လုပ်ပြနိုင်ခဲ့တယ်။ အဲဒီလိုနေရာမျိုးမှာ အဓိကတချက်က ဘာလဲဆိုတော့ လက်နက်အင်အားနဲ့ ခြိမ်းခြောက်ပြီးတော့ အားလုံး ဒါကိုလိုက်နာကြ၊ မလိုက်နာရင် ငါရဲ့ရှိတဲ့အင်အားနဲ့ အနိုင်ကျင့်ပြီးတော့ စွဲခေါ်ရလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ သဘောတူညီမှုကို ရှာတဲ့နေရာမှာ ပြည်ထောင်စုနေ့ဆိုတာ ပေါ်ပေါက်လာတာကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက မိမိနဲ့ သဘောထား မတိုက်ဆိုင်တဲ့သူတွေ၊ မိမိနဲ့ ရပ်တည်တဲ့ နေရာမှာ အဖွဲ့အစည်းအသီးသီး ရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒါတမျိုးသားလုံးရဲ့ အမျိုးသား အင်အားစုတွေပါလား၊ သိရှိသဘောပေါက် လက်ခံတယ်။ နှစ်အချက် အဲဒီ အမျိုးသားအင်အားစုတွေ အားလုံးကို တူညီတဲ့အချက်တခုကို ရအောင် သူရှာဖွေနိုင်တယ်။ ရအောင်ရှာဖွေပြီးတော့ အားလုံးသဘောတူညီအောင် သူကြိုးစားနိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ တမျိုးသားလုံး အတိုင်းအတာကြီး ကျယ်ပြန့်သွားတဲ့အခါမှာ အမျိုးသားခေါင်းဆောင်တယောက် ဖြစ်သွားတယ်။ အမျိုးသားခေါင်းဆောင်တယောက်အနေနဲ့ လုပ်ကြံခံလိုက်ရတဲ့အခါမှာ အာဇာနည်ခေါင်းဆောင်အဖြစ်ပါ သူဟာ ထိုက်ထိုက်တန်တန် သမိုင်းမော်ကွန်းမှာ ရေးထိုးခံရခြင်း ဖြစ်တယ်လို့ ကျနော်မြင်တယ်။”
စာရေးဆရာကြီး ဒဂုန်တာရာဟာ သူထုတ်ဝေတဲ့ တာယာမဂ္ဂဇင်းအတွက် ဆောင်းပါးသွားယူဖို့ ဗိုလ်ချုပ်ရုံးတက်တဲ့ အတွင်းဝန်များရုံးကို လုပ်ကြံခံရတဲ့နေ့မှာ သွားခဲ့ပါတယ်။ မနက် ၁၁ နာရီကျော်ကျော် သူရောက်သွားတဲ့အချိန်မှာ အတွင်းဝန်များရုံးတခုလုံး တိတ်ဆိတ်နေပါပြီ။ ဗိုလ်ချုပ်နဲ့တကွ အစည်းအဝေးထိုင်နေတဲ့ ဝန်ကြီးများကို လက်နက်ကိုင်များက သေနတ်နဲ့ အတင်းဝင်ရောက် ပစ်ခတ်ခဲ့တာက မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ဆရာကြီး ဒဂုန်တာရာဟာ လှေကားကနေ ပြန်လှည့်ဆင်းရင်း ဆရာဦးသိန်းဟန်ခေါ် ဆရာကြီးဇော်ဂျီနဲ့ တွေ့ပါတယ်။ အဲဒီအချိန်မှာ ဆရာကြီးဇော်ဂျီဟာ အထူးအရာရှိအဖြစ် အတွင်းဝန်များရုံးမှာပဲ အလုပ်လုပ်နေပါတယ်။ ဆရာကြီး ဒဂုန်တာရာကို တွေ့တွေ့ချင်းပဲ ဆရာကြီးဇော်ဂျီက ဒို့တော့ ကိုယ်ကျိုးနည်းပြီလို့ ပြောပါတယ်။ လုပ်ကြံမှုရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံရဲ့ ဆိုးဝါးမယ့်အနာဂတ်ဖြစ်မှာကို ဆရာကြီးဇော်ဂျီက အသေအချာ တွက်ဆမိပုံ ရပါတယ်။
ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အတွက် တိုင်းပြည်တခုလုံး ကိုယ်ကျိုးနည်းခဲ့ရပုံနဲ့ ပတ်သက်တဲ့ သူ့အမြင်ကို ဦးမင်းကိုနိုင်က အခုလို ပြောပြပါတယ်။
“လက်နက်နဲ့ပဲ ဖြေရှင်းလိုက်တဲ့ ဆိုးကျိုးဟာ တောက်လျှောက် ကျနော်တို့ဆီမှာ အကျင့်ဆိုးကြီးတခုအနေနဲ့ လစ်ရင်လစ်သလို လက်နက်အင်အားကြီးသူတွေကနေပြီး အများသဘောနဲ့ ရွေးချယ်ထားတဲ့၊ အများသဘောတူ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အပေါ်မှာ အနိုင်ကျင့်နေဦးမယ်ဆိုတဲ့ အစွဲကြီးက ဆက်ပြီးတော့ ကြီးမားလာတယ်။ အဲဒီဆိုးကျိုးတွေကို ဆက်ပြီးတော့ ရင်ဆိုင်ခံစားနေရတာ ဒီနေ့အထိပဲ။ ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီးတော့ လက်နက်ရှိတဲ့သူက လက်နက်မရှိတဲ့သူတွေအပေါ်မှာ အမိန့်ပေးမယ်။ မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတာတွေ ကျနော်တို့တွေဆီမှာ ရှိနေကြတာကို။ တကယ့်တကယ် အများသဘောတူ စုပေါင်းပြီးတော့ ဆုံးဖြတ်ကြတဲ့စနစ်မျိုး၊ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ အဲဒီကိုယ်စားလှယ်တွေကို တလေးတစားနဲ့ သူတို့သဘောထားဆန္ဒတွေကို နားထောင်ပြီးတော့ အဖြေရှာတဲ့စနစ်မျိုးကို ဒီနေ့အချိန်ထိ ရင့်ကျက်အောင် မတည်ဆောက်နိုင်သေးတာဟာ ကျနော်တို့တိုင်းပြည်ဟာ အားလုံးနဲ့ ယှဉ်လိုက်တဲ့ အခါမှာ အောက်ကျနောက်ကျ ဖြစ်နေရတာ။ ကမ္ဘာ့အလယ်မှာ ဒီနေ့ထိ တင့်တင့်တယ်တယ် မနေနိုင်သေးတာက အဲဒီဆိုးကျိုးတွေပါပဲ။ ကျနော်တို့ တကယ်တမ်း ယဉ်ကျေးတဲ့လူအဖွဲ့အစည်းလို့ ကျနော်တို့ တောက်လျှောက် ပြောနေတယ်ဆိုတာ ဂုဏ်သိက္ခာ အတွက်ပါ။ ကျနော်တို့ ကျန်းမာရေးနဲ့ ပညာရေးတွေ၊ အမှီလိုက်ကြမယ်။ အားလုံး ကြိုးးစားကြမယ်ဆိုရင် ရပါတယ်။ တိုင်းပြည်တခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ တမျိုးသားလုံး ညီညွတ်ရင် ရပါတယ်။ အရေးကြီးဆုံးတခုဖြစ်တဲ့ ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတခုဖြစ်ဖို့ဆိုတာကို အရင်ဆုံး တည်ဆောက်ကြရမှာပါ။ အဲဒါသမိုင်းပေးတဲ့ သင်ခန်းစာ၊ အာဇာနည်နေ့ဆိုတဲ့ သွေးစွန်းခဲ့တဲ့ အကျည်းတန်ခဲ့တဲ့နေ့က ပေးခဲ့တဲ့ သင်ခန်းစာပါပဲ။”
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်များဟာ အာဇာနည်ခေါင်းဆောင်များမှာရှိတဲ့ ကြီးမြတ်တဲ့ ဂုဏ်ရည်များ ဖြစ်ပါတယ်။ ဒီလိုဂုဏ်ရည်များရှိတဲ့ ခေါင်းဆောင်တယောက်ရဲ့ စွမ်းဆောင်မှုကြောင့်လည်း မြန်မာနိုင်ငံဟာ လွတ်လပ်ရေးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်တည်လာနိုင်အောင် စွန့်လွှတ်မှုအပြည့်နဲ့ ဆောင်ရွက်သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးတရားဟာလည်း အလွန်တရာ ကြီးမားလှပါတယ်။
န၀တ၊ နအဖစစ်အစိုးရ သက်တမ်းတလျှောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်နဲ့ သူ့ကျေးဇူးတရားကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ကြတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကထိကအဖြစ် အလုပ်လုပ်ခဲ့ဖူးသူ စာရေးဆရာမမေငြိမ်းက ဒီလို တွက်ပြပါတယ်။
“ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်းကို ပြောမိရင် အမြဲတမ်း သူတို့ရဲ့ အရည်အသွေးကို ကျမတို့ စံပြုပြီးပြောရတာပေါ့။ ဗိုလ်ချုပ်လို လူငယ်တွေဖြစ်လာစေချင်တဲ့ စိတ်မျိုးနဲ့ ပြောတဲ့အခါမှာ ဘယ်သူအကြောင်းပဲ ပြောပြော ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေမှာ အမြဲတမ်းကောင်းတဲ့ အရည်အသွေးတွေ ပြည့်နေတာကို၊ အဲဒါတွေကို ပြောတဲ့အခါမှာ အုပ်ချုပ်သူတွေက သူတို့မှာ ဒီလိုကောင်းတဲ့ အရည်အသွေး မရှိတဲ့အခါမှာ ကလေးတွေက ယှဉ်ပြီးတော့ မြင်လာတာမျိုးတွေလည်း ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အဲဒါတွေကြောင့် သူတို့ ပိတ်ပင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျမကတော့ ဆရာမတယောက်အနေနဲ့ ဘယ်လိုတွေးလဲဆိုတော့ ဗိုလ်ချုပ်တို့အကြောင်းနဲ့ အာဇာနည်ကြီးတွေအကြောင်း ပြောခွင့်မရတာဟာ ကလေးတွေအနေနဲ့ လူတော်လူကောင်းဆိုတာ ဘာလဲဆိုတာ သိခွင့်မရတာပဲ။ အဲဒါဟာ ကလေးတွေရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိတယ်။ စိတ်ပူရတယ်လို့ တွေးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ မျက်စိမှာ မြင်နေရတာက ဂုဏ်သိက္ခာအားဖြင့်လည်း မရှိ။ အရည်အသွေးအားဖြင့်လည်း မပြည့်စုံတဲ့ ခေါင်းဆောင်ပိုင်းတွေသာ တွေ့နေရတာ ဖြစ်တဲ့အတွက်ကြောင့် နောင်တချိန်မှာ လူကြီးဖြစ်လာမယ့် ကလေးတွေက တကယ်တော့ ခေါင်းဆောင်တွေဆိုတာ ဒီလိုပါလားဆိုတဲ့ အဖြစ်မျိုး ဖြစ်သွားမှာကို စိတ်ပူတယ်။
“ကျမတို့ ကျောင်းဆရာမတွေက ကလေးတွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊ အာဇာနည်တွေရဲ့ အရည်အချင်းတွေက ဘယ်လိုလဲ၊ ဒီအရည်အချင်းတွေနဲ့ကြောင့် အာဇာနည်ဖြစ်တာပဲလို့ ဆိုတဲ့အကြောင်းတွေကို သိအောင်ပြောပြဖို့ လိုတယ်။ ဒါက အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။”
လူတဦးတယောက်အနေနဲ့ တိုးတက်ဖို့ပဲဖြစ်ဖြစ် နိုင်ငံတခုအနေနဲ့ ဖွံ့ဖြိုးဖို့ပဲ ဖြစ်ဖြစ် ခေါင်းဆောင်ကောင်းများရဲ့ ဂုဏ်ရည်ကို လေ့လာတွေ့ဖို့ လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံသားအားလုံးအတွက် လေ့လာအတုယူစရာ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ စွန့်လွှတ်မှု၊ စိတ်ဓာတ်ခိုင်ကြည်မှုနဲ့ အများအကျိုးအတွက်ဆောင်ရွက်မှု စတဲ့ဂုဏ်ရည်များကို လေ့လာအတုယူရင်း လွတ်လပ် ပွင့်လင်းတဲ့ အနာဂတ် မြန်မာနိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက် ရပါတယ်။
၂၀၁၁ ခုနှစ် အာဇာနည်နေ့တုန်းက ဖော်ပြခဲ့တဲ့ “အစဉ်ထာဝရ ဂုဏ်ယူနေရမယ့် အာဇာနည် ပုဂ္ဂိုလ်မြတ်” ဆောင်းပါးကို ပြန်လည်ဖြည့်စွက် ဖော်ပြထားတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ