Home » » တမူးတွင် မူးယစ်ဆေး ရလွယ်၍ သုံးစွဲသူတိုး

တမူးတွင် မူးယစ်ဆေး ရလွယ်၍ သုံးစွဲသူတိုး

Written By Unknown on Saturday, July 27, 2013 | 2:39 PM

ကလေး၊ ဇူလိုင် ၂၅

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် မူးယစ်ဆေးဝါးများ ရရှိမှု လွယ်ကူခြင်းကြောင့် မူးယစ်ဆေး သုံးစွဲသည့်လူငယ် သုံးပုံနှစ်ပုံခန့် မြင့်တက်လာကြောင်း အဆိုပါတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“တမူးကနေ နန်းဖာလုံကို သွားပြီး စည်းရိုးလေး ကျော်လိုက်တာနဲ့ တစ်ဖက်နိုင်ငံဘက်ကို ရောက်သွားတယ်။ အဲဒီမှာ မူးယစ်ဆေးတွေ သွားသုံးစွဲနေတဲ့ လူငယ်တွေ အများကြီးပဲ” ဟု အဆိုပါ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလျန်နာက ဆိုသည်။

ယင်းတစ်ဖက်နိုင်ငံသို့ လူငယ်များ နေ့စဉ်သွားရောက်ကာ မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိကြောင်း၊ အဆိုပါနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲနိုင်သည့် နေရာများကို ဆက်ကြေးပေး၍ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင် ဖွင့်သကဲ့သို့ ဖွင့်လှစ်ထားပြီး အဆိုပါနေရာသို့ တမူးမြို့ပေါ်နှင့် ကျေးရွာများမှ လူငယ်များ သွားရောက်ကြကြောင်း တမူးမြို့ဒေသခံ အသက် ၃၀ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ အစိကိုင်တယ်လို့ ခေါ်တယ်။ WY ဆေးပြားနှစ်ပြားလောက် သွားချလိုက်ရမှ နေလို့ထိုင်လို့ ကောင်းတယ်။ အလုပ်လုပ်ရတာလည်း ပိုသွက်လာတယ်။ တစ်ပြားကို နှစ်ထောင့် ငါးရာပေးရတယ်” ဟု အဆိုပါလူငယ်က ဆိုသည်။

တမူးမြို့ပေါ်တွင် လူဦးရေတစ်သိန်းကျော် ရှိသည့်အနက် လူငယ်လေးသောင်းခန့် ရှိကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်ကစ၍ မူးယစ်ဆေးဝါး သုံးစွဲသောလူငယ် ပိုမိုများပြားလာကြောင်း၊ ဥပမာ-ရပ်ကွက်တစ်ခုလျှင် ယခင်က နှစ်ဦးသုံးစွဲမှု ရှိခဲ့လျှင် ယခုအခါ နောက်ထပ်နှစ်ဦးတိုးကာ လေးဦးထိ ရှိလာကြောင်း၊ သုံးစွဲသည့်သူများတွင် အထက်တန်းကျောင်းသား အရွယ်မှ အသက် ၄၀ နှစ် အရွယ်ထိ ရှိကြောင်း၊ တမူးမြို့ပေါ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရောင်းဝယ်သောနေရာ၊ သုံးစွဲသောနေရာ ဟူ၍ မရှိဘဲ တစ်ဖက်မိုရေးမြို့ရှိ ရပ်ကွက်များသို့ သွားရောက် သုံးစွဲသွားကြကြောင်း အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားသည်။

“သုံးစွဲတဲ့သူတွေ စုစုပေါင်း ၁၀၀ ကျော်လောက်မှာ ရှိမယ်။ အဲဒီထဲမှာ ရံဖန်ရံခါ သုံးတဲ့သူလည်း ပါတယ်။ မသုံးရမနေနိုင် ဖြစ်တဲ့သူလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဒေသတွင် မူးယစ်ဆေး အရည်၊ အခဲ၊ အမှုန့် သုံးမျိုးလုံး ရနိုင်ကြောင်း၊ စိတ်ကြွဆေး၊ ခတ်ပုံ၊ ရာဘ၊ ဘိန်းမည်း၊ ဘိန်းဖြူ စသဖြင့် အလိုရှိရာကို အနိမ့်ဆုံး ငါးရာကျပ်မှ စဝယ်၍ ရရှိနိုင်ကြောင်း တမူး ဒေသခံ အထက်တန်းရှေ့နေတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေး သုံးစွဲသူများသည် ပြန်လာလျှင် သာမန်လူများနှင့် သိပ်မကွဲပြားသောကြောင့် သုံးစွဲထားမှန်း သိသော်လည်း ၎င်းတို့ကို ရှာဖွေမည်ဆိုလျှင် သက်သေခံပစ္စည်း မရှိသဖြင့် ဖမ်းဆီးရန် ခက်ခဲကြောင်း၊ ဆေးသုံးစွဲသူ လူငယ်များတွင် မိမိတို့နှင့် ရင်းနှီးသူများ ပါဝင်နေကြောင်း၊ မိဘများနှင့် ပူးပေါင်း၍ ဆေးသုံးစွဲသူစာရင်း ပြုစုသွားမည်ဖြစ်ပြီး ဆေးဖြတ်ရန်အထိ ကူညီသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလျန်နာက ပြောကြားသည်။

“ဒါကိုမှ လက်မခံဘူးဆိုရင် သူတို့ကိုဆီးစစ်ဖို့ လုပ်ရမှာပဲ။ ဆီးစစ်ရင် ဆေးသုံးလား၊ မသုံးလားဆိုတာ ငြင်းလို့မရတော့ဘူး။ တမူးဆေးရုံမှာ မူးယစ်ကုသဆောင်မရှိတော့ ရှိတဲ့နေရာ၊ စစ်ပေးတဲ့နေရာကို ပို့ရမှာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိ တမူးမြို့တွင် ဇွန်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (Myanmar Anti Narcotics Association – MANA) ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေး ဖြတ်လိုသော လူငယ် ၃၀ ခန့် စာရင်းပေးထားကြောင်း၊ လူငယ် ၁၀ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝက်ထီးကန်ရှိ လူငယ်သင်တန်းကျောင်းသို့ ဆေးဖြတ်ရန် ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်း ရုံးထံမှ စုံစမ်းသိရှိရသည်။

မြတ် (ကလေး)

The Voice Weekly