Home » » ဗိုလ်ချုပ် လက်ရေးမူ ယူသွားသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ရန် လက်မှတ် စုဆောင်း

ဗိုလ်ချုပ် လက်ရေးမူ ယူသွားသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ရန် လက်မှတ် စုဆောင်း

Written By Unknown on Saturday, July 27, 2013 | 2:44 PM

ရန်ကုန်၊ ဇူလိုင် ၂၅

ရေနံချောင်းမြို့ အထက (၁) ကျောင်းတွင် ထိန်းသိမ်းထားသော ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သည့် ပါဠိဘာသာ မှတ်စု စာအုပ်ကို ယူဆောင်သွားသည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ကန့်ကွက်ရန်အတွက် ဆန္ဒ လက်မှတ် ကောက်ယူ စုဆောင်းမှုများ ပြုလုပ်နေကြောင်း ရေနံချောင်း မြို့နယ် အိုးဘို ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုးညွန့်က The Voice သို့ ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်းနိုင်ရန် ဇူလိုင်လ ၂၅ ရက်နေ့တွင် လက်မှတ် ကောက်ခံရန် စာရွက်ရေ တစ်သောင်းကျော်ကို ရေနံချောင်း မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အားလုံးသို့ ဖြန့်ဝေထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ် တစ်သောင်းကျော်ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပြီး ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမှုကို ပြန်လည် တောင်းခံသွားမည်ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရေနံချောင်းမြို့ အထက (၁) ကျောင်းသို့ ပြန်လည် မအပ်နှံပါက ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းလှုပ်ရှားမှုများကို ရေနံချောင်းမြို့နယ်ရှိ နိုင်ငံရေး ပါတီများ ၊ရေနံချောင်းမြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများ၊ ရေနံချောင်း ဒေသခံ ပရဟိတ လုပ်ကိုင်နေသော အဖွဲ့များ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် တက်ရောက်ခဲ့စဉ်က ရေးသားခဲ့သော ပါဠိဘာသာ မှတ်စုစာအုပ်ကို ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ တွင် သိမ်းယူသွားခြင်း ဖြစ်သည်။

“အဓိက ဆန္ဒထုတ်ဖော်မယ့် အကြောင်းက ဗိုလ်ချုပ် လက်ရေးမူကို သူ့နေရာမှာသူ မူလအတိုင်း ရှိစေချင်လို့ပါ” ဟု ရေနံချောင်းမြို့မှ အသက်၄၀ အရွယ် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူကို ပြန်လည် ရရှိရန် လွှတ်တော်သို့ တောင်းဆိုထားကြောင်း၊ မိတ္တူထားရှိရန် လည်း မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း အထက (၁) မိဘဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ရှင်းပြသည်။

ရေနံချောင်းမြို့မှ ဗိုလ်ချုပ် လက်ရေးမူကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယူဆောင်သွားခြင်းနှင့် ပတ်သက်၍ သတင်းများ ကြားနေရသော်လည်း မည်သည့် အတွက်ကြောင့် ယူဆောင်သွားခြင်းကိုမူ မသိသေးကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး က ပြောကြားသည်။

ရေနံချောင်းမြို့ အထက(၁) ကျောင်းသားဟောင်း တစ်ဦးဖြစ်သော ရွှေပါရမီတောရ ဆရာတော်အရှင် ဆန္ဒာဓိက က ဗိုလ်ချုပ် လက်ရေးမူ ယူဆောင်သွားခြင်းကို လက်မခံကြောင်းနှင့် မူလနေရာတွင်ပင် ပြန်ထားသင့်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် တောင်းဆိုထားသည်။

အဆိုပါ လက်ရေးမူကို ရေနံချောင်းမြို့မှ စာရေးဆရာကြီး ရေနံမြေ ဦးဘဖေက သမိုင်းဝင်ပစ္စည်းအဖြစ် ၁၉၆၂ ခုနှစ်တွင် ရေနံချောင်း အထက (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်ထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောင်းတွင် နှစ်ပေါင်း ၅၀ ကျော် ထိန်းသိမ်းထားခဲ့သည်။

(ဟိန်းသွင်ထက်)

The Voice Weekly