Home » » ငဝန်မြစ်ရေကြီးမှု ငါးသိုင်းချောင်းမြို့နယ် စိုးရိမ်ဖွယ်ရှိ

ငဝန်မြစ်ရေကြီးမှု ငါးသိုင်းချောင်းမြို့နယ် စိုးရိမ်ဖွယ်ရှိ

Written By Unknown on Saturday, July 27, 2013 | 11:06 AM

ရန်ကုန်၊ ဇူလိုင် ၂၆

မိုးရွာသွန်းမှု များပြားနေပြီး ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်သည် ရေကြီးနစ်မြုပ်မှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင် သဖြင့် စိုးရိမ်ဖွယ် ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ငဝန်မြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့ကစတင်၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်တိုင်းထွာချက်များအရ ငါးသိုင်းချောင်းမြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ၃ စင်တီမီတာကျော်လွန် ရောက် ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ဇူလိုင်လ ၂၆ ရက် မြစ်ရေခန့်မှန်း တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နယ်တွင် စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာမှ ၁၁၃၉ စင်တီမီတာအထိ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း အဆိုပါ ဌာနတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားနေရာယခင် ၂၀၁၂ ခုနှစ် မိုးရာသီ ကာလအတွင်းကလည်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေတက်ခြင်းကြောင့် မြို့ပေါ်ရပ်ကွက် အချို့နှင့် ပတ်ဝန်းကျင်ကျေးရွာ လူနေအိမ်များ ရေနစ်မြုပ်ခဲ့ရသဖြင့် ယခုနှစ်မြစ်ရေတက်မှုနှင့် ရေကြီးမှု အန္တရာယ်သည် စိုးရိမ်ဖွယ်ရှိကြောင်း အဆိုပါမြို့နယ် စေတနာ လူမူကူညီရေးအသင်း တာဝန်ခံဦးမြင့်ခင်က ပြောကြားသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဇူလိုင်လကုန်အထိ မိုးရွာသွန်းမှုအား ကောင်းလာသည်နှင့်အမျှ ရေဖုံးလွှမ်းနစ်မြုပ်မှု အန္တရာယ်ကို ဒေသခံများအနေနှင့် အရေးတကြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား ကောင်းရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ရေကြီးနစ်မြုပ်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဲအိတ်များ၊ မျှောတိုင်များ စုဆောင်းထားရှိခြင်းစသည်တို့ကို စတင်လုပ်ဆောင်လျက် ရှိကြောင်း ငါးသိုင်းချောင်းမြို့နယ် လူငယ်ပရဟိတအဖွဲ့မှ ဦးထွန်းလွင်ဦးက ပြောကြားသည်။

The Voice Weekly