Home » » စစ်တွေခရိုင် အင်ဂျင်နီယာအဖွဲ့ကို တိုက်ခိုက်သူများ သုံးရက်ကြာအထိ မဖမ်းမိ

စစ်တွေခရိုင် အင်ဂျင်နီယာအဖွဲ့ကို တိုက်ခိုက်သူများ သုံးရက်ကြာအထိ မဖမ်းမိ

Written By Unknown on Saturday, July 20, 2013 | 4:29 PM

ရန်ကုန်၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဆောက်လုပ်ထားသည့် ကယ်ဆယ်ရေး အဆောက်အအုံများကို သွားရောက်စစ်ဆေးသည့် စစ်တွေခရိုင် အင်ဂျင်နီယာမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီး သုံးရက်ကြာအထိ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေး အဆောက်အအုံများ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ အဆိုပါ အင်ဂျင်နီယာမှူး ဦးကိုကို အောင်ဦးစီးသည့် အဖွဲ့ဝင် ၁၄ ဦးခန့်သည် ဇူလိုင်လ ၁၇ ရက်နေ့က အဆိုပါ ဒုက္ခသည်စခန်းရှိ အဆောက်အအုံများ အရည်အသွေးကို စစ်ဆေးရန် မော်တော်ယာဉ်နှစ်စီးဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက် စစ်ဆေးခဲ့စဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

“ပြစ်မှုကျူးလွန်သူတွေကို မမိသေးဘူး။ စုံစမ်းနေတုန်းပဲ ရှိသေးတယ်” ဟု အဆိုပါစခန်းမှူးက ဆိုသည်။

တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူ တစ်ဦးဖြစ်သော ဦးခိုင်မင်းထွန်းသည် ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သူ ဖြစ်သည်ဟု ဘင်္ဂါလီများက ဇူလိုင်လ ၁၇ ရက်နေ့က အော်ဟစ်စွပ်စွဲပြီး အဆိုပါ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၇၀ ဦးခန့်ကဝိုင်း၍ ခဲဖြင့်ပစ်ပေါက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

မြို့နယ်စာရင်းစစ်ရုံးမှအကူ ဦးခိုင်မင်းထွန်းသည် နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဟိန်းတွင် ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ၎င်းတို့အဖွဲ့ စီးလာသည့် ဟွန်ဒါကားမှာ ရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကို အဆိုပါ ဒုက္ခသည်စခန်း အနီးရှိ လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက် ဖြေရှင်းခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူသည် ပဋိပက္ခတွင် ပါဝင်ခဲ့သူ ဖြစ်သဖြင့် မကျေနပ်သူများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒုက္ခသည်စခန်း အနီးတွင်ရှိသည့် သဲချောင်း ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“အသတ်ခံ၊ မီးရှို့ခံထားရတဲ့သူတွေက သူ့ကိုမြင်ရင် ဘယ်လိုသည်းခံနိုင်ကြမှာလဲ။ အဲဒါကြောင့် လူတချို့က လက်နဲ့ထိုးလိုက်ကြတယ်” ဟု ၎င်းကထပ်လောင်း ပြောဆိုသည်။

စစ်တွေမြို့တွင် ဧပြီလ ၂၆ရက်နေ့က ပြည်ထောင်စုအဆင့် စီမံချက်ချကာ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာတွင် ဘင်္ဂါလီနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုမှုကို ခွင့်မပြု၍ စာရင်းကောက်သည့် အဖွဲ့ကို ဘင်္ဂါလီများက တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခြားငါးဦးပါ ဒဏ်ရာရရှိခဲ့သဖြင့် လူဦးရေစာရင်း ကောက်မှုကို ယာယီရပ်ဆိုင်းခဲ့ရသည်။

The Voice Weekly