Home » » ပေါက်တော ပိန္နဲချောင်းကျွန်းတွင် အရက်တုကြောင့် သုံးရက်အတွင်း လေးဦးသေ၊ အခြားနေထိုင်မကောင်းသူများရှိနေဆဲ

ပေါက်တော ပိန္နဲချောင်းကျွန်းတွင် အရက်တုကြောင့် သုံးရက်အတွင်း လေးဦးသေ၊ အခြားနေထိုင်မကောင်းသူများရှိနေဆဲ

Written By Unknown on Saturday, July 20, 2013 | 4:33 PM

စစ်တွေ ၊ ၁၉ ဇူလိုင်

စစ်တွေ ဆိုင်တစ်ဆိုင်မှ ရောင်းလိုက်သည် ဆိုသော ဘီအီးအဆီကို စပ်သည့်အရက်ကို သောက်သုံးကြခြင်းကြောင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းမှ သေဆုံးသွားသူ အရေအတွက်မှာ ပြီးခဲ့သည့် သုံးရက်အတွင်း လေးဦးရှိသွားပြီဖြစ်ပြီး မူးဝေခြင်း နေထိုင်မကောင်းခြင်းဖြစ်သူ ဆယ့်ငါးဦးခန့်ရှိနေဆဲဖြစ်ကာ ၄င်းတို့အနက် လေးဦးခန့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြသည် ဟု ဆိုသည်။

ပိန္နဲချောင်းရွာမှ လှထွန်းအောင်ဆိုသူမှာ တစ်ရက်ကျော်ခန့်က အရက်သောက်မိခြင်းကြောင့် သေဆုံးသွားခဲ့ပြီး၊ ယင်းရွာမှ နောက်တစ်ဦး ယနေ့သေဆုံးခဲ့သဖြင့် အလောင်းကို ပေါက်တောမြို့ပေါ်သို့ စစ်ဆေးရန် ယူသွားခဲ့ကြသည် ဟု ဆိုသည်။

ထို ပိန္နဲချောင်းကျွန်း ကြက်သရေရွာမှ ဦးသံစိန်မှာ တစ်ရက်ကျော်က အရက်ကြောင့် သေဆုံးသွားခဲ့ပြီး ၄င်း၏ သားဖြစ်သူမှာ ဖခင်ဖြစ်သူ ထိုအရက်တုကြောင့်သေရမှန်းကို မသိသဖြင့် အဆိုပါအရက်ကို ထပ်သောက်မိပြီး ယမန်နေ့ညက စစ်တွေဆေးရုံတွင် သေဆုံးသွားခဲ့သည် ဟု ဆိုသည်။ ပူးတွဲပါ ဓါတ်ပုံမှာ ၄င်း၏ အလောင်းကို စစ်တွေမြို့ အာကျိပ်တော်ကုန်း သင်္ချိုင်းတွင် ယနေ့မွန်းလွဲပိုင်းက သင်္ဂြိုလ်နေကြပုံဖြစ်သည်။

ထိုကြက်သရေရွာမှ သေဆုံးသူများ သောက်မိကြသော အရက်ဆီကို ယင်းရွာမှ ဦးစံထွန်းဆိုသူက စစ်တွေမြို့ရွှေနဒီတိုက်တန်း အနောက်ဘက်မှ ဟိန်းဒုတ်မဆိုင် (ဟိန္ဒူမဆိုင်) မှ မှာယူခဲ့ခြင်းဖြစ်သည် ဟု ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို ပိန္နဲချောင်းကျွန်းပေါ်မှ ပိန္နဲချောင်းရွာ၊ ကြက်သရေရွာတို့အပြင် ကျောက်ကုတင်ရွာ၊ ရွှီပုတေရွာ အစရှိသည့်ရွာများတွင် ဤတစ်ရက်နှစ်ရက်အတွင်း အရက်တုကြောင့် နေထိုင်မကောင်းသူ အနည်းဆုံး ဆယ့်လေး ဆယ့်ငါးယောက်ခန့်ရှိကြရာ လေးငါးယောက်ခန့်မှာ စစ်တွေ ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြသည် ဟု ဆိုသည်။

သတင်း- ဓါတ်ပုံ - ကိုထွန်း (မညက)

Coral Arakan News