Home » » ပြည်ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ပန်းခွေချသူများကို အရေးယူမည်

ပြည်ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ပန်းခွေချသူများကို အရေးယူမည်

Written By Unknown on Friday, July 19, 2013 | 10:39 AM

ပြည်၊ ဇူလိုင် ၁၈

ပဲခူးတိုင်း (အနောက်ပိုင်းဒေသကြီး)၊ ပြည်မြို့တွင် ဇူလိုင်၁၉ ရက်နေ့၌ ကျရောက်မည့် အာဇာနည်နေ့တွင် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၌ ပန်းခွေချသူကို သက်ဆိုင်ရာ ဥပဒေအရ အရေးယူမည် ဖြစ်ပြီး အခမ်းအနားအတွက် အများပြည်သူလူထု စီတန်းလှည့်လည်မှု့ကို ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအံ့မော်က ပြောကြားသည်။

အထက်ဌာန၏ ညွှန်ကြားချက်အရ အာဇာနည်နေ့ အခမ်းအနားကို ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက် အားကစားကွင်းပြင်တွင် စင်ဆောက်၍ အာဇာနည် ခေါင်းဆောင်များ၏ ပုံများနှင့် အများပြည်သူ ပန်းခွေချရန် ပြုလုပ်ပေးထားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြော ကြားသည်။

“ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်မှာ ပန်းခွေချဖို့ ခွင့်မပြုထားဘူး။ ချရင်တော့ အရေးယူမှာပါ၊ စီတန်းလှည့်လည်ခွင့်ကိုလည်း ပေးမထားပါဘူး” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

မဆလနှင့် နယကလက်ထက်တို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ပြည်မြို့ရှိ ဌာနဆိုင်ရာများ ပန်းခွေချခဲ့ကြောင်း၊ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် တစ်နေရာတည်းတွင် သတ်သတ်မှတ်မှတ် ထားစေလိုကြောင်း ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်းက ပြောကြားသည်။

“အာဇာနည်နေ့မှာ ဆူပူလိုစိတ်မရှိဘဲ ငြိမ်းချမ်းစွာနဲ့ အာဇာနည်ကိုးဦးကို အလေးပြုဖို့သွားတဲ့ သူတွေကို ပုဒ်မ (၁၈) နဲ့ မငြိတာမို့ စီတန်းလှည့်လည်ဖို့ကိုလည်း ခွင့်ပြုသင့်တယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တွင် အများပြည်သူများ ပန်းခွေချ အလေးပြုခြင်းကို ခွင့်မပြုဘဲ မဆီလျော်သော နေရာတွင် ပန်းခွေချအလေးပြုရန် စီစဉ်ပေးခြင်းသည် အာဇာနည်ခေါင်းဆောင်များ၏ ဂုဏ်ကျေးဇူးကို အလေးမထားရာ ရောက်နေသည်ဟု အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမင်းမင်းက ပြောကြားသည်။

“ကြေးရုပ်မှာ ပန်းခွေချအလေးပြုတာကို ခွင့်မပြုနိုင်ဘူးဆိုရင်လည်း အာဇာနည်ခေါင်းဆောင်တွေကို ဦးညွတ်အလေးပြုဖို့ အတွက် ကျောက်တိုင်ဖြစ်ဖြစ် အထိမ်းအမှတ်တစ်ခု လုပ်ပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

ပြည်မြို့တွင် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ခေတ္တရာ ပန်းခြံတွင် အခမ်းအနားဖြင့် ကျင်းပပေးခဲ့ကြပြီး (၆၆) နှစ်မြောက် အာဇာနည်နေ့ နံနက်ပိုင်းတွင် ပြည်မြို့ သာသနာ့ဗိမာန်တွင် သံဃာ ၁၀ ပါးကို ဆွမ်းကျွေးမည်ဖြစ်ကာ နံနက် ၁၀ နာရီ (၃၇) မိနစ်တွင် ရတနာမာန်အောင် အားကစားကွင်းတွင် အခမ်းအနားဖြင့် ကျင်းပပေးမည်ဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

The Voice Weekly