Home » » ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

Written By Unknown on Friday, July 19, 2013 | 10:43 AM

မုံရွာ၊ ဇူလိုင် ၁၈

မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေကို ခေါ်ပြီးစစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှအမြင့်သို့ သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်း များကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်းလာတာ မဟုတ်ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့်ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများ ဖြစ်သော မုံရွာ၊ ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့များတွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်းတွင် ပြောကြားခဲ့ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly