Home » » အရိုးပေါ်နေသည့်အလောင်း တိုင်းရင်းသားကျေးရွာအနီး တွေ့ရှိ

အရိုးပေါ်နေသည့်အလောင်း တိုင်းရင်းသားကျေးရွာအနီး တွေ့ရှိ

Written By Unknown on Sunday, July 28, 2013 | 3:20 PM

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၁၀) မြောက်ရပ်ကွက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်ကမ်း အနီးတွင် ပုပ်ပွနေပြီး အရိုးများပေါ်နေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင် လ ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရုပ်အလောင်းသည် ပဲခူးမြစ် ဒီရေတက်ချိန်တွင် ဒိုက်၊ အမှိုက်များနှင့် ရောနှောပါလာသည်ဟု ယူဆရပြီး ဦးခေါင်း၊ နံရိုး၊ လက်ဖျံ၊ ခြေသလုံးတို့တွင် အသားများ မရှိတော့ဘဲ အရိုးများပေါ်နေခြင်းကြောင့် ပုံပန်းသဏ္ဌာန်၊ အမည်နှင့် အသက်အရွယ်ကို ခန့်မှန်းရန် ခက်ခဲကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိက The Voice သို့ ပြောကြားသည်။

ရုပ်အလောင်းကို တိုင်းရင်းသားကျေးရွာသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များက စတင်တွေ့ရှိပြီး လုံခြုံရေးကို အကြောင်းကြားကာ လုံခြုံရေးများက မြို့နယ်ရဲစခန်းသို့ သတင်းပေးပို့ခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

အရိုးပေါ်နေသည့် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးလျက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် ၈/၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သာကေတမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဒလမြို့နယ်၊ ခနောင်ကျေးရွာအနီးရှိ ရန်ကုန်မြစ်အတွင်း ပုပ်ပွနေသော လူသေအလောင်းတစ်ခုကို တွေ့ရှိခဲ့ရာ အင်းစိန်မြို့နယ် မြို့သစ် (က+ခ) ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ်ရှိ အဋ္ဌမတန်းကျောင်းသား မောင်အောင်ကျော်မိုး၏ ရုပ်အလောင်း ဖြစ်ကြောင်း၊ ၎င်းသည် ဇူလိုင်၂၁ ရက်နေ့ နံနက်ပိုင်းက လှိုင်မြစ်အတွင်း ရေဆင်းချိုးရာမှ နစ်မြုပ် ပျောက်ဆုံးသွားခဲ့ပြီး ၎င်း၏မိဘများက လိုက်လံရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly