Home » » ဖြူးတွင် လူငယ်တစ်ဦး အသတ်ခံရ

ဖြူးတွင် လူငယ်တစ်ဦး အသတ်ခံရ

Written By Unknown on Sunday, July 28, 2013 | 3:29 PM

ဖြူး၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ဝဲကြီးကျေးရွာမြောက်ပိုင်း ကြိုးတံတားအောက်၌ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က အသက်၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဓားခုတ်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ ကျော်ဌေးဦးကို ဦးလေးဖြစ်သူ ဦးကျော်စိုးက အဆိုပါ ကြိုးတံတားအောက်၏ ဖြူးချောင်းအတွင်းတွင် တွေ့ရှိခဲ့ပြီး သေဆုံးသူတွင် ကုပ်ပိုး၊ ညာဘက် ဦးခေါင်း၊ နောက်စေ့၊ ညာဘက်နားရွက် အောက်တို့တွင် ဓားဒဏ်ရာခုနစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အဆိုပါ ရဲစခန်း၏ ကနဦးတိုင်တန်းချက်အရ သိရှိရသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ရွာမှာ အသတ်ခံတဲ့နေရာနဲ့ နီးတဲ့သူတွေကို ရဲက စစ်နေတယ်” ဟု ဝဲကြီးကျေးရွာတွင်နေသူ ဦးပေါ်ဦးက ပြောကြားသည်။

လက်ရှိ ဓားဖြင့်ခုတ်သူကို ဖမ်းမိခြင်း မရှိသေးဘဲ စုံစမ်းလျက်ပြီး အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ -၂၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း ဖြူးမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ဝဲကြီးကျေးရွာ မြောက်ပိုင်းတွင်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် သားဖြစ်သူ မင်္ဂလာဆောင်မည့်နေ့တွင် လည်ပင်း၌ ဒဏ်ရာတစ်ချက်နှင့် ဇွန်လ ၁ ရက်နေ့က အသတ်ခံရမှုနှင့် ပတ်သက်၍ တစ်လကြာသည်အထိ သတ်ခဲ့သူကို မဖော်ထုတ်နိုင်သေးပေ။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖြူးမြို့နယ် သပြေလှကျေးရွာ ဇဟားချောင်းကူး တံတားအောက်တွင် ခေါင်းဖြတ်ကာ ပီနံအိတ်ဖြင့် စွန့်ပစ်ခံရသူ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီး အသတ်ခံရမှုသည် ငါးလကျော်သည်အထိ လူသတ်မှု ကျူးလွန်သူနှင့် သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly