Home » » NLD ပညာဒါနကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မမှု စွပ်စွဲခံရသူ ကွင်းလုံးကျွတ် လွတ်မြောက်

NLD ပညာဒါနကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မမှု စွပ်စွဲခံရသူ ကွင်းလုံးကျွတ် လွတ်မြောက်

Written By Unknown on Saturday, June 15, 2013 | 5:49 PM

ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ရက်နေ့က အဓမ္မ ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရသော ကိုခင်မောင်ထူးကို ဇွန်လ၁၄ ရက်နေ့ ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ အရ အပြစ်ရှိကြောင်း မပေါ်ပေါက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၈(၁) အရ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ဖခင် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

အသက် ၂၂ နှစ်အရွယ် ကိုခင်မောင်ထူး (ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းကို စတင်ဖမ်းဆီးချိန်မှ ငါးလနှင့် ၁၁ရက် အကြာတွင် ယင်းကဲ့သို့ အပြီးအပြတ် လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဆေးစာအဖြေနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များကို မြို့နယ် တရားသူကြီး ဒေါ်နော်မာဂရက်သာမီးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီတွင် အမိန့် ချမှတ်လိုက်သည်။

“ကျွန်တော့်သားလေးရဲ့ မတရား စွပ်စွဲခံရမှုကို တရားသူကြီးက မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတိုင်းမသိ ဝမ်းသာတယ်” ဟု စွပ်စွဲခံရသူ၏ဖခင် ဦးမောင်မောင်က ပြောကြားသည်။

မူခင်း ဆရာဝန်ကြီး၏ ဆေးစစ်ချက်တွင် တစ်ဖက်မိန်းကလေးသည် အပျိုရည် မပျက်ခြင်း၊ မူးမေ့စေသည့် ဆေးတိုက်ခဲ့သည်ဟု တိုင်တန်းခဲ့သော်လည်း ၎င်း၏သွေးတွင် မူးမေ့စေသည့် ဆေးဝါး မတွေ့ရှိခြင်း၊ အခင်းဖြစ်သည့် နေရာသည် အခန်းမဟုတ်ဘဲ ဟော (ခန်းမ)ပုံစံ ဖြစ်ခြင်း၊ လူမြင်ကွင်း ဖြစ်ခြင်း၊ နောက်ဆုံး တွေ့ရှိချိန်ထိ အခင်း ဖြစ်သည်ဆိုသည့် အခန်းတွင်း သက်သေ နှစ်ဦးရှိခြင်း တို့ကြောင့် အဓမ္မကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်း တရားရုံးတွင် မတ်လ ၃၁ ရက်နေ့တွင် ဦးခင်မောင်ထူး၏ တရားဥပဒေ အကျိုးဆောင် အထက်တန်းရှေ့နေ ဦးရွှေလှိုင်တင်က အပြီးသတ် လျှောက်တင်ခဲ့သည်။

“ဒီကိစ္စမှာ အုပ်ထိန်းသူတွေ ဆီကိုလာပြီး အကြိမ်ကြိမ် တောင်းပန်လို့
နှစ်ဦးနှစ်ဖက် ကျေအေးလွှာ တင်ခဲ့ပြီးပါပြီ။ နောက်တိုး သက်သေတွေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲနေလို့ ဒီအမှုနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးကို ဆက်လက် တင်ပြသွားမှာပါ” ဟု တရားလို မိန်းကလေး၏ ဦးလေး ဖြစ်သူ ဦးတင်ဝင်းက ပြောကြားသည်။

ပန်းပဲတန်းမြို့နယ် အ.ထ.က (၁)ကျောင်းတွင် ဒသမတန်းပညာ သင်ကြားနေသူ အသက်၁၅ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို အသက် ၂၂ နှစ် အရွယ် ကိုခင်မောင်ထူး(ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းက NLD ပညာဒါန ကျောင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အကြို ကျပန်း စကားပြော ပြိုင်ပွဲအပြီး လူရှင်းချိန်တွင် ကိုကာကိုလာ အချိုရည်တိုက်ကာ မူးမေ့ချိန်တွင် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဆိုကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly