Home » » ကန့်ဘလူ တပ်သိမ်း လယ်မြေအချို့ ပြန်ပေးရန် ကတိပြု

ကန့်ဘလူ တပ်သိမ်း လယ်မြေအချို့ ပြန်ပေးရန် ကတိပြု

Written By Unknown on Saturday, June 15, 2013 | 5:52 PM

ရွှေဘို ၊ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်တွင် တပ်မတော်က သိမ်းဆည်း လယ်ဧက တစ်ထောင်ကျော်ကို စိုက်ပျိုးချိန်အမီ ပြန်လည်ပေး အပ် သွားမည်ဟု နေပြည်တော် စစ်ထောက်ချုပ်ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မင်းဇော်က ဇွန်လ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်း သကြားစက် ရှင်းလင်းဆောင်တွင် လယ်သိမ်းခံ တောင်သူများနှင့်တွေ့ဆုံစဉ် ကတိပြု ပြောကြားခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

ကန့်ဘလူမြို့နယ် ခအုန်းသာ၊ ပေကြီး၊ ငှက်ပျောတိုင်းနှင့် ထောက်လျှာ အိုင်ကျေးရွာတို့မှ သိမ်းဆည်းထားသည့် လယ်ဧက ၇,၉၀၀ မှ ခအုန်းသာကျေးရွာပိုင် လယ်မြေဧက ၁,၁၀၀ ကို မိုးဦး စိုက်ပျိုးရာသီ အမီ ပြန်လည် ပေးအပ်မည်ဖြစ်သည်ဟု ယင်းအခမ်းအနားသို့ တက်ရောက် ခဲ့သော သိမ်းဆည်းလယ် ပြန်လည်ရရှိရေး လှုပ်ရှား ဆောင်ရွက်သူ ဦးသန်းထိုက်က ဗိုလ်ချုပ်ဇော်မင်း၏ ပြောကြားချက်ကို ကိုးကား၍ ပြောကြား သည်။

"စီမံကိန်းအရ ကြံစိုက်ရမယ်ဆိုလည်း ကြံစိုက်ရတော့မှာပဲ။ ကိုယ့်လယ်လေးပြန်ရဖို့ ဒီလောက် ခက်ခဲနေတာ စိုက်ဆိုရင် စိုက်ရမှာပေါ့"ဟု ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာရှိ လယ်မြေ သိမ်းဆည်းခံ ထားရသူ ဒေါ်စိုးက ဆိုသည်။

အဆိုပါ ခအုန်းသာ ကျေးရွာပိုင် လယ်ဧက တစ်ထောင်ကျော်ကို လက်ရှိ သီးစားချ လုပ်ကိုင်လျက် ရှိသူများထံမှ ပြန်လည် သိမ်းယူ၍ မူလ အမည်ပေါက် ပိုင်ဆိုင်သည့် လယ်သမားများကိုသာ ပြန်လည်ပေးအပ်မည့် အနေအထားရှိကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒေသခံ လယ်သမားများထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly