Home » » ထွန်တုံးတိုက်ပွဲ ပြုလုပ်သည့် တောင်သူများကိုအမှုဖွင့်

ထွန်တုံးတိုက်ပွဲ ပြုလုပ်သည့် တောင်သူများကိုအမှုဖွင့်

Written By Unknown on Saturday, June 15, 2013 | 5:55 PM

ဟင်္သာတ၊ ဇွန် ၁၄

မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးတွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲသည်ဟုဆိုကာ တောင်သူ ၂၁ ဦးကို ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ထားကြောင်း ယင်းဒေသ၌ ထွန်တုံးတိုက်ပွဲ ဦးဆောင်သည့် တောင်သူ ဦးသန်းဌေးက ပြောကြားသည်။

ကွင်းကောက်မြို့မှ တောင်သူ သုံးရာခန့်က ဇွန်လ ၅ ရက်နေ့မှ စတင်ကာ အမှတ် (၅) တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ကျူးကျော် ထွန်ယက်သည်ဆိုကာ အမှုဖွင့် ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းလယ်မြေများကို ၁၉၉၃ ခုနှစ် ကတည်းက တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး တောင်သူအချို့ကို သီးစားခပေး၍ လယ်လုပ်ခွင့် ပေးခဲ့ကြောင်း ဦးသန်းဌေးက ပြောကြားသည်။

တောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းမှာ ဆူပူခြင်း မဟုတ်သည့် အတွက် ပြေလည်အောင် ဖြေရှင်းပေးစေလိုကြောင်း ကွင်းကောက်မြို့ ကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးချိုက ဆိုသည်။

အမှတ် (၅) တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း၏ တိုင်ကြားချက်ကြောင့် (ပ) ၂၁၊ ၁၃။ (ပ) ၂၂၊ ၁၃၊ (ပ) ၂၃၊ ၁၃၊ ပုဒ်မ ၄၄၇ ဖြင့် တောင်သူများကို အမှုဖွင့် ထားခြင်းဖြစ်ပြီး ဖမ်းဆီးခြင်း မရှိကြောင်း ကွင်းကောက် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly