Home » » မလေးရောက် မြန်မာလုပ်သားများ ပြန်လာရန် လေကြောင်းလိုင်း လေးလိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကူညီ

မလေးရောက် မြန်မာလုပ်သားများ ပြန်လာရန် လေကြောင်းလိုင်း လေးလိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကူညီ

Written By Unknown on Saturday, June 15, 2013 | 5:42 PM

ရန်ကုန်၊ ဇွန် ၁၃

မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ ဒုတိယအများဆုံး သွားရောက် အလုပ်လုပ်ကိုင်ရာ မလေးရှားနိုင်ငံတွင် မေလကုန် ပိုင်းမှစ၍ အကြမ်းဖက်မှု ပဋိပက္ခ ဖြစ်စဉ်များကြောင့် နေရပ်ပြန်လိုသူ
နိုင်ငံသားများကို နိုင်ငံသားပိုင် လေကြောင်းလိုင်း လေးလိုင်းနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ပြန်လာနိုင်ရန် ကူညီလျက် ရှိကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ တရားဝင် ပြောကြားချက်အရ သိရသည်။

ဦးတေဇပိုင် ထူးဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ တစ်သိန်း၊ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာ ငါးသောင်း၊ မက်စ်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က မလေးရှား-မြန်မာ
လေယာဉ်ခရီးအတွက် လူတစ်ထောင်စာ လေယာဉ် လက်မှတ်နှင့် အမေရိကန်ဒေါ်လာ နှစ်သောင်း၊ Messenger သတင်းဂျာနယ်က အမေရိကန်ဒေါ်လာ နှစ်ထောင်၊ Eleven Media Group က အမေရိကန်ဒေါ်လာ တစ်ထောင်တို့ကို ယခုလ ၁၁ ရက်နေ့က လှူဒါန်းခဲ့ကြောင်း ၎င်းတို့ပိုင် ကုမ္ပဏီ အသီးသီး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Air Bagan လေကြောင်းလိုင်းကလည်း ပြည်တွင်း နေရပ်ပြန်
မြန်မာနိုင်ငံသားများအတွက် အခမဲ့လေယာဉ် စီးနင်းခွင့်နှင့် အလုပ်အကိုင် လစ်လပ်နေရာများတွင် ဦးစားပေး ခန့်အပ်ရန် ကြေညာ ထားပြီး MAI ကလည်း ယခင်ဒေါ်လာ (၂၃၀) ပေးရသော မလေး-မြန်မာ လေယာဉ် လက်မှတ်တန်ဖိုး၏ ငါးဆယ် ရာခိုင်နှုန်း လျှော့ချပေးခြင်းဖြင့် ကူညီမည်
ဖြစ်ကြောင်း ယင်းနေ့က ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

“မြန်မာပြည် ပြန်လာချင်တဲ့သူတွေ အများကြီးပဲ။ ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာလည်း Overstay (တရားမဝင် နေထိုင်သူ) နဲ့ အလုပ် လုပ်နေသူတွေ အများကြီးပဲ၊ အခုလက်ရှိ သူတို့လည်း ပြန်လာလို့ရ တယ်ကြားတယ်”ဟု အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ဇွန် ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်လည်
ရောက်ရှိလာသူ အလုပ်သမား တစ်ဦးက ဆိုသည်။

ယင်းအခြေအနေများကြောင့် မလေးရှားပြန် မြန်မာများအတွက် အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်ကို ပြည်တွင်း လေကြောင်းလိုင်း နှစ်လိုင်းဖြစ်သော Asian Wings လေကြောင်းလိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းတို့က လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်နေ့က အဆိုပါ လေကြောင်းလိုင်း တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

Asian Wings လေကြောင်းလိုင်းက မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို ပြည်တွင်း ခရီးစဉ်များတွင် အခမဲ့လိုက်ပါ စီးနင်းနိုင်ရန် အတွက် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာကြောင်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ပါက ယင်းလေကြောင်းလိုင်းကို အခမဲ့ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ခံပြောဆိုသည်။

Golden Myanmar လေကြောင်းကိုမူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ
မြန်မာသံရုံး လက်မှတ်ပါလျှင် အခမဲ့ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်း လိုင်းက ထုတ်ပြန်ထားသည်။

စင်ကာပူ -ရန်ကုန်၊ စင်ကာပူ-မန္တလေး၊ ဘန်ကောက်-ရန်ကုန်၊ ဘန်ကောက်- မန္တလေး ခရီးစဉ်များကို စင်ကာပူ လေဆိပ်အခွန်နှင့် ဘန်ကောက် လေဆိပ် အခွန်များကို ပေးဆောင်၍ အခမဲ့ စီနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ပြန်လာတဲ့သူတွေကို အလုပ်ပေးမယ်ဆိုတာ တကယ်မှန်ရင် ဝင်လုပ် ချင်တာပေါ့”ဟု ဇွန်လ ၁၂ ရက်နေ့က မလေးရှားနိုင်ငံမှ ပြန်လာသူ မကွေးတိုင်း၊ ဆိတ်ဖြူဇာတိ အလုပ်သမားတစ်ဦးက အလုပ် အကိုင် ပေးမည်ဆိုသော ထူးကုမ္ပဏီ၏ ကြေညာချက်အပေါ် မျှော်လင့်ပြောသည်။

မလေးရှားရောက် မြန်မာများသည် မေလကုန်မှ စတင်၍ ဆက်တိုက် အကြမ်းဖက် ခံနေရပြီး လူခြောက်ဦးထက် မနည်း သေဆုံးကာ ၂၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း မလေးရှား အခြေစိုက် ကပုန်း နာရေးကူညီမှု အသင်းထံမှ သိရသည်။

အကြမ်းဖက် ပဋိပက္ခကြောင့် မြန်မာနိုင်ငံသား ထိခိုက် ဒဏ်ရာရသူများနှင့် လုံခြုံရေး အပါအဝင် အခြားလိုအပ်သော ကိစ္စများ ကူညီဖြေရှင်း ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၁ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။

The Voice Weekly