Home » » ကိုယ်ပိုင်ကျောင်း၁၀၀ ကျော် ထပ်မံခွင့်ပြုမည်

ကိုယ်ပိုင်ကျောင်း၁၀၀ ကျော် ထပ်မံခွင့်ပြုမည်

Written By Unknown on Saturday, June 15, 2013 | 5:28 PM

ရန်ကုန်- ပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော်ကို လာမည့်တစ်ပတ်အတွင်း ထပ်မံအတည်ပြုဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

ယခင်နှစ်က အခြေခံပညာအဆင့်တွင် သက်တမ်းရင့်ဘော်ဒါကျောင်း ၆၆ ကျောင်းအား ကိုယ်ပိုင်ကျောင်းများအဖြစ် ပညာရေးဝန်ကြီး ဌာနက ဥပဒေဖြင့် အတည်ပြုသတ်မှတ်ပေးပြီးနောက် ယခုနှစ်တွင် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော် ထပ်မံတိုးမြှင့်ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

“ရှေ့တစ်ပတ်အတွင်း ချထားပေးမှာပါ။ ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော် ခွင့်ပြုချထားပေးမှာပါ။ ကျောင်းအဆင့်ကတော့ တစ်နှစ်နဲ့ ၂ နှစ်သက်တမ်းတွေ ဖြစ်ပါတယ်”ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာအဆင့်တွင် ကိုယ်ပိုင်ကျောင်းဥပဒေကို ပြဋ္ဌာန်း၍ ဘော်ဒါကျောင်းများအား ကိုယ်ပိုင်ကျောင်းများအဖြစ် ယခင်နှစ်မှစတင်၍ တရားဝင်အသိအမှတ်ပြုပြီး အချိန်ပြည့်စာသင်ကြားခွင့်နှင့် န၀မတန်းအထိ အတန်းတင်စာမေးပွဲ စစ်ဆေးခွင့်တို့ ဆောင်ရွက်စေခဲ့သည်။

ကိုယ်ပိုင်ကျောင်းများ တည်ထောင်ခွင့်ပြုရာ၌ သူငယ်တန်းမှ အထက်တန်းအထိ သင်ကြားသော ကိုယ်ပိုင်ကျောင်း၊ အလယ်တန်းမှ အထက်တန်းထိ သင်ကြားသော ကိုယ်ပိုင်ကျောင်းနှင့် အထက်တန်းသာ သင်ကြားသော ကိုယ်ပိုင်ကျောင်း၊ ကျောင်းအဆင့်အနေဖြင့် တစ်နှစ်၊ ၂ နှစ်နှင့် ငါးနှစ်သက်တမ်းဟူ၍ ခွဲခြားသတ်မှတ်ထားသည်။

လက်ရှိကိုယ်ပိုင်ကျောင်းအများစုသည် တစ်နှစ်နှင့် ၂ နှစ်သက်တမ်းသာ ရရှိကြပြီး မူလတန်းအဆင့်သင်ကြားသော ကိုယ်ပိုင်ကျောင်း အရေအတွက်မှာလည်း နည်းပါးလျက်ရှိနေသေးသည်။

ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်းအရေအတွက်ကို တိုးမြှင့်ချထားပေးနေခြင်းကြောင့် ယခုစာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း အရေအတွက် ၂၀၀ နီးပါး ရှိလာတော့မည်ဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့် စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား ၄၀ ဦးထက် မပိုဘဲထားရှိရမည်ဖြစ်ပြီး ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးဆိုင်ရာအကြောင်းအရာများ ဟောပြောခြင်း၊ သင်ကြားပို့ချခြင်းမပြုရန်နှင့် ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ မမှန်မကန်ကြော်ငြာခြင်းမပြုရန် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေတို့တွင် ပြဋ္ဌာန်းထားသည်။

7Day News Journal