Home » » အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်း တစ်နှစ်အတွင်း နှစ်ဆတက်

အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်း တစ်နှစ်အတွင်း နှစ်ဆတက်

Written By Unknown on Tuesday, June 18, 2013 | 2:39 PM

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ဦးဆောင်နေသော တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်း အငှားဈေးနှုန်းများမှာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက် လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

ယခုကဲ့သို့ အငှားဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ နိုင်ငံခြားသားများ
လုပ်ငန်းလုပ်ကိုင်ရန် ငှားရမ်းခြင်း၊ လုံးချင်း ပိုင်ဆိုင်သူများက ၎င်းတို့၏ အိမ်များကို အငှားချကာ ဈေးနှုန်း ပိုမိုသက်သာသော တိုက်ခန်းများ၊ ကွန်ဒိုများ ပြန်လည် ငှားရမ်းနေထိုင်ခြင်းတို့ကြောင့် အငှားဈေးကွက် ပိုမို ကောင်းမွန်လာပြီး ၂၀၁၂ ခုနှစ်ထက် ၄၀ ရာခိုင်နှုန်းကျော် ဈေးမြင့်တက် လာကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။

"ကား Showroom တို့၊ ဆိုင်ခန်းတို့ ဖွင့်မယ့်သူတွေကလည်း လမ်းမပေါ်တွေ မှာ ငှားတာ များလာတာကြောင့်လည်း ဈေးတက်လာတာ" ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ၂၀၀၀ စတုရန်းပေ အကျယ်ရှိ ကွန်ဒို တစ်ခန်းကို ၂၀၁၂ ခုနှစ် က တစ်လလျှင် ကျပ်ခြောက်သိန်းခန့်သာ ရှိရာမှ ယခုနှစ်တွင် ကျပ် ၁၀ သိန်းမှ ၁၂ သိန်းခန့်အထိ ဖြစ်သွားကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

တိုက်ခန်း၊ ကွန်ဒိုများသော မြို့တွင်း မြို့နယ်များ၊ ဗဟန်းနှင့် ကမာရွတ် မြို့နယ်တို့တွင် အငှားဈေးကွက် ကောင်းကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

The Voice Weekly