Home » » ဒုရဲအုပ်လောင်း ယခင်ထက် နှစ်ဆတိုးခေါ်မည်

ဒုရဲအုပ်လောင်း ယခင်ထက် နှစ်ဆတိုးခေါ်မည်

Written By Unknown on Tuesday, June 18, 2013 | 2:46 PM

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် တိုးချဲ့ရန် ယခုနှစ်တွင် ဒုရဲအုပ်လောင်း ဦးရေ နှစ်ဆနီးပါး တိုးမြှင့်ခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ်တွင် ခေါ်ယူခဲ့သည့် ဒုတိယ ရဲအုပ်လောင်းသင်တန်းတွင် တက်ရောက်လိုသူ ၄၀၀၀ ကျော်အနက် လူ ၃၀၀ ခန့် တက်ရောက်ခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင် ရဲတပ်ဖွဲ့ အင်အား လိုအပ်ချက်ကြောင့် ဒုရဲအုပ်လောင်း အမျိုးသားဦးရေ ၂၅၀ ခန့်နှင့် အမျိုးသမီးဦးရေ ၂၅၀ ခန့် စုစုပေါင်း ဒုရဲအုပ်လောင်း ၅၀၀ ခန့်ကို ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ သင်တန်းကာလ တစ်နှစ်တက်ရောက် ပြီးပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲအုပ်အဖြစ် ခန့်အပ်ထားမည် ဖြစ်ပြီး ဘာသာစကားနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို အဓိကထား၍ ခန့်အပ်မည် ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ အရာရှိ မှတ်တမ်းဌာနမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“လူငယ်တွေအနေနဲ့ လုပ်သင့်တယ်၊ ခုဘွဲ့ရတာနဲ့ အလုပ်ပါ တစ်ခါတည်း ရတာပေါ့။ နိုင်ငံမှာလည်း လိုအပ်ချက် ရှိနေတယ်၊ သင်တန်းကာလမှာလည်း လစာရတယ်၊ သင်တန်းကာလမှာ စားပြီးသောက်ပြီး ငါးသောင်းလောက် ကျန်တယ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယရဲမှူး တစ်ဦးက ပြောကြားသည်။

ဒုတိယ ရဲအုပ်များကို လူမှောင်ခိုနှင့် လူကုန်ကူးမှု တာဆီးကာကွယ် တိုက်ဖျက်ရေး၊ ကလေးသူငယ် အခွင့်အရေး၊ ဝန်ကြီးဌာနစသည့် နေရာအသီးသီးတွင် ခန့်အပ်မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုရဲအုပ်လောင်း လျှောက် ထားရန် ဇွန်လ ၁၆ရက်နေ့မှစတင်ကာ နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် နောက်ဆုံး လျှောက်ထားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly