Home » » လယ်ယာမြေပိုင်ဆိုင်ကြောင်း ပြေစာရရန် တစ်ဧက သုံးသောင်း ပေး

လယ်ယာမြေပိုင်ဆိုင်ကြောင်း ပြေစာရရန် တစ်ဧက သုံးသောင်း ပေး

Written By Unknown on Tuesday, June 18, 2013 | 2:49 PM

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စုတွင် လယ်သမားများသည် လယ်ယာမြေ ပိုင်ဆိုင်ကြောင်း ပြေစာရရှိရန် တစ်ဧကလျှင် ငွေသုံးသောင်း ပေးနေ ရကြောင်း ယင်းကျေးရွာရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။

ယင်းသို့ လယ်မြေပိုင်ဆိုင်ခွင့် ပြေစာရရန် မအူပင်မြေစာရင်းရုံးမှ ကျပ်သုံးသောင်းပေးမှသာ ပြေစာထုတ်ပေးသဖြင့် လယ်သမားများ အခက်ခဲတွေ့နေရကြောင်း အလန်းကျေးရွာအုပ်စုမှ လယ်သမားများက ဆိုသည်။

အလန်းကျေးရွာအုပ်စု၊ လယ်လုပ်ကွင်း အမှတ် ၉၆၉တွင် လယ်မြေပြေစာ မရရှိသော လယ်ဧက ၈ဝ ခန့်ရှိပြီး လယ်မြေဧကများကို ပြေစာရရှိရန်အတွက် မြေစာရင်းဋ္ဌာနမှ တောင်းသော တစ်ဧကသုံးသောင်းကို လယ်သမား များ အနေဖြင့်ပေးရန် အဆင်မပြေကြကြောင်း လယ် မြေပြေစာလုပ်ရန် ၇ ဧက ကျန်ရှိနေသူ ဦးထွန်းထွန်းဝင်းက ပြောသည်။

၎င်းက ''ကိုယ့်လယ် ကိုယ်တော့ လုပ်ခွင့်ရပါတယ်။ လယ်သမားတွေ လယ်ယာမြေ ဥပဒေအကြောင်း မသိကြတဲ့ အတွက် လယ်မြေသိမ်းခံရတာတွေ ရှိနိုင်တယ်လေ။ ဒါကြောင့် လယ်မြေပိုင်ဆိုင်ခွင့်ရ ပြေစာစာရွက်တော့ လိုချင်ပါတယ်။ လယ်သမားတွေ တတ်နိုင်တဲ့ ဈေး နှုန်းနဲ့ လုပ်ပေးစေချင်တယ်'' ဟု ပြောသည်။

ယင်းသို့ လယ်မြေပိုင်ဆိုင်ကြောင်း ပြေစာရရှိရန်ငွေသုံးသောင်းတောင်းခံခြင်းနှင့် ပတ်သက်ပြီး မအူပင်မြို့နယ် မြေစာရင်း ဦးစီးဋ္ဌာနမှ ဒုဦးစီးမှူး ဦးသိန်းတင်ကမူ ယင်းသို့ ကောက်ခံခြင်းမရှိဟု ပြောဆိုလိုက်သည်။

၎င်းက ''ကျွန်တော်တို့ မြို့နယ် မြေစာရင်းဋ္ဌာန အနေနဲ့ကတော့ ကောက်ခံခိုင်းတာ မဟုတ်ပါဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြေ တိုင်းစာရေး ပေါင်းပြီးတောင်းတာ ဖြစ်မှာပါ။ ကျွန်တော်တို့ဆီကို မှတ်ပုံတင်ခွင့် လျောက်ပြီးရင် လုပ်ပိုင်ခွင့်ရပြီဆိုမှ ဘဏ်မှာ ၅ဝဝ ကျပ် ပေးသွင်းရမှာပါ'' ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယင်းသို့ လယ်မြေပြေစာရရှိရန်အတွက် တစ်ဧက သုံးသောင်းပေးရသော်လည်း ပြေစာမရရှိသူများရှိသည်ဟုလည်း အလန်းကျေးရွာမှ လယ်သမားဦးစိုးသိန်းက ဆိုသည်။

ဖိုးစိုးသူ
by Mizzima - News in Burmese