Home » » မလေးရှား ဒုက္ခသည် စခန်းများရှိ မြန်မာလုပ်သားများ မြန်မာအစိုးရသို့ လွှဲပြောင်းပေးရန် ဆွေးနွေးထား

မလေးရှား ဒုက္ခသည် စခန်းများရှိ မြန်မာလုပ်သားများ မြန်မာအစိုးရသို့ လွှဲပြောင်းပေးရန် ဆွေးနွေးထား

Written By Unknown on Tuesday, June 18, 2013 | 2:21 PM

မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများရှိ မြန်မာအလုပ်သမားများကို လွှဲပြောင်းပေးရန် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆွေးနွေးထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။

ဝန်ကြီးက ယင်းသို့ပြောကြားခြင်းမှာ ဇွန် ၁၇ ရက်က နေပြည်တော်၊ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ၊ ပူထျာဂျာရာမြို့ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းထားသည့် တရားမဝင် မြန်မာအလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးရန် မြန်မာအစိုးရဘက်မှ တောင်းဆိုထားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ''မြန်မာအလုပ်သမား သောင်းဂဏန်းအထိကို မလေးရှားအစိုးရက ထိန်းသိမ်းပြီး ကျွေးထားရတယ်၊ ထိန်းသိမ်းထားတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လွှဲပေးပါ။ မြန်မာနိုင်ငံမှာ မလေးရှားလူမျိုးတွေ ထိန်းသိမ်းထားတာရှိရင်လည်း ကျွန်တော်တို့ကို ပြောပါလို့ မလေးပြည်ထဲရေးဝန်ကြီးနဲ့ တိုက်ရိုက်ဆွေးနွေးထားတယ်'' ဟု ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ရှစ်သောင်းအထိရှိနေသည်ဟု သိရသည်။ လတ်တလော မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသူများကို နိုင်ငံသားဖြစ်ကြောင်း အထောက်အထား CI (Certificate Identity) များကို မလေးအစိုးရမှ ထုတ်ပေးလျက်ရှိရာ လက်ရှိ CI ရပြီးသူ မြန်မာအလုပ်သမား ၉၈၈၆ ဦး ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး က ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း အလုပ်အကိုင်အေဂျင်စီများကိုလည်း အလုပ်သမားစေလွှတ်ခြင်းမပြုရန် မေတ္တာရပ်ခံထားသည်ဟု ဆိုပြီး ''တစ်ပတ်၊ နှစ်ပတ် အတွင်းမှာ ပြန်စီစဉ်ပေးပါမယ်လို့ အေဂျင်စီတွေကို မေတ္တာရပ်ခံထားပါတယ်'' ဟု ဆိုသည်။

မလေးရှားနိုင်ငံမှပြန်လာသည့် မြန်မာအလုပ်သမား ၄၅၉ ဦးတွင် ကနဦး မလေးရှား ပဋိပက္ခတွင် ပါဝင်သဖြင့် ပြန်လာသူမှာ ၂၅ ဦးသာပါဝင်ပြီး ကျန်အလုပ်သမားများမှာ တရားမဝင် ဝင်ရောက်မှုကြောင့် ထိန်းသိမ်းခံထားရာမှ လွတ်မြောက်လာသူများဖြစ်သည်ဟုလည်း ယင်းပွဲတွင် ပြောသည်။

မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့သည့် ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကလည်း ''ဖမ်းဆီးခံထားရတဲ့ စခန်းတွေကို သွားကြည့်ချင်ပါတယ်လို့ပြောတော့ ခွင့်ပြုခဲ့ပါတယ်။ မလေးရှားစက်ရုံလုပ်ငန်းရှင်တွေကလည်း ခန့်ထားတဲ့ အလုပ်သမားတွေကို လုံခြုံမှုပေးထားပါတယ်၊ မြန်မာအလုပ်သမားတွေက စိုးရိမ်စိတ်ကြောင့်ပြန်ကြတာပါ'' ဟု ပြောသည်။

မလေးရှားနိုင်ငံ၊ ဆာလာရန်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စိုးရိမ်မှုများကြောင့် ပြန်လိုသည့် မြန်မာ အလုပ်သမားများကို အလှူရှင်များနှင့် ချိတ်ဆက်ပေးလျက်ရှိပြီး မလေးရှား လုပ်ငန်းရှင်များကိုလည်း မြန်မာ အလုပ်သမားများ ပြန်လည်လွှဲပြောင်းပေးလိုပါက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် ဆွေးနွေးထားသည်ဟု စာနယ်ဇင်းပွဲတွင် ပြောသည်။

အေးမြင့်စန်း
Mizzima - News in Burmese