Home » » ပင်လယ်ရေကြောင်း ပို့ကုန်သွင်းကုန်များ ဇွန်လတွင်း စတင်စစ်ဆေးမည်

ပင်လယ်ရေကြောင်း ပို့ကုန်သွင်းကုန်များ ဇွန်လတွင်း စတင်စစ်ဆေးမည်

Written By Unknown on Tuesday, June 18, 2013 | 2:14 PM

မန္တလေး၊ ဇွန် ၁၇

တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် တားဆီးရေးအတွက် ပင်လယ်ရေကြောင်း ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ပြည်တွင်း ဆိပ်ကမ်းများတွင် ဇွန်လနောက်ဆုံးပတ်မှ စတင်၍ ကုန်ပစ္စည်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူ ရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ပြောကြားသည်။

ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည် တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပင်လယ်ရေကြောင်း ဝင်ပေါက်၊ ထွက်ပေါက်များကို စစ်ဆေးပြီးနောက်
ပြည်တွင်း ဧရာဝတီ မြစ်ကြောင်းနှင့် ဆိပ်ကမ်းများတွင်လည်း တစ်ဆက်တည်း စစ်ဆေးရန် ရှိကြောင်း ဦးညွှန့်အောင်က ပြောကြားသည်။

“ကုန်သွယ်ရေး အဟန့်အတားဖြစ်အောင် စစ်တာတော့ မဟုတ်ပါဘူး။ တရားမဝင် ကုန်သွယ်ရေး ပပျောက်စေချင်လို့ပါ။ ဆိပ်ကမ်းတွေမှာ စစ်တယ်ဆိုရင်လည်း ပညာပေးကာလတွေ ထားရှိပေးမှာပါ”ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် မီးရထား ဘူတာရုံများ၊ အဝေးပြေး ယာဉ်ရပ်နား စခန်းများနှင့် ဧရာဝတီ ဆိပ်ကမ်းတို့တွင် တရားမဝင် ကုန်စည်များ စီးဆင်းမှု မရှိစေရေး စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

“ခုလက်ရှိမှာလည်း မီးရထားရဲတွေက ကုနဝင်ကုန်ထွက် စာရင်းမှတ်နေတာပဲ။ မှောင်ခိုကုန်တွေ ရှိတော့ သယ်ယူပို့ဆောင်ရေးတွေ အလုပ်ဖြစ်တာပေါ့။ အဲဒါလိုက်စစ်တော့ နည်းနည်းတော့ ကုန်ဝင်ကျသွားတယ်”ဟု ရန်ကုန်-မန္တလေး ရထားကုန်စည် ပို့ဆောင်ရေး ကိုယ်စားလှယ်တစ်ဦးက တရားမဝင် ကုန်ပစ္စည်း စစ်ဆေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကွန်တိန်နာများ စစ်ဆေးရန်အတွက် မူဆယ်နှင့် မြဝတီ နယ်စပ်ဂိတ်တို့တွင် X-Ray စက်များ ထပ်မံတပ်ဆင်ပေးရန် အစီအစဉ် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ တပ်ဆင်ရန်အတွက် စင်ကာပူနှင့် ဆွစ်ဇာလန် နိုင်ငံသား ပညာရှင်များ လာရောက် လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရှိရသည်။

The Voice Weekly