Home » » အခြေခံပညာ ကျောင်းအချို့ စာသင်ခန်းမလောက်၍ အခက်ကြုံ

အခြေခံပညာ ကျောင်းအချို့ စာသင်ခန်းမလောက်၍ အခက်ကြုံ

Written By Unknown on Tuesday, June 18, 2013 | 2:12 PM

မန္တလေး၊ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းအချို့တွင်
ကျောင်းသားဦးရေနှင့် စာသင်ဆောင် မမျှတသဖြင့် သင်ကြားရေးပိုင်းတွင် အခက်အခဲ တွေ့လျက် ရှိကြောင်း အဆိုပါ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများထံမှ စုံစမ်း သိရှိရသည်။

ပြည်ကြီးတံခွန် မြို့နယ်ရှိ အ.မ.က (၁၆) တွဲဖက် အလယ်တန်းကျောင်းကို လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အ.လ.က (၂၃) အလယ် တန်းကျောင်း အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သောကြောင့် ကျောင်းသားဦးရေနှင့် ညီမျှရန် နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ရန် လိုအပ်လျက် ရှိကြောင်း အဆိုပါ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုရီက
ပြောကြားသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀ ကျော်ရှိပြီး စာသင်ခန်း လုံလောက်မှု မရှိသဖြင့် အခန်းနှစ်ခန်းစာ ပေါင်း၍ တစ်ခန်းတည်းစုပြီး သင်ကြားရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“နှစ်စကတည်းက နှစ်ထပ်ကျောင်းဆောင် ဆောက်ပေးမယ်လို့ သိရတယ်။ အဆောက်အအုံနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာမှအကြောင်း မကြားသေးဘူး”ဟု ဆရာမဒေါ်နုနုရီက ဆိုသည်။

လက်ရှိ အချိန်တွင် ကျောင်းသားဦးရေ ဝင်ဆံ့မှု မမျှတသဖြင့် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိပြီး စာသင်ကြားရာတွင် အဆင်မပြေမှု များစွာရှိကြောင်း မန္တလေးမြို့တော်ရှိ ကျောင်းဆရာ တစ်ဦးက ပြောကြားသည်။

“A ခန်းနဲ့ B ခန်း နှစ်ခန်းပေါင်းပြီး သင်ရတယ်။ ဆရာဝင်တဲ့ အပေါက်ကလည်း ကျဉ်းတယ်။ သွားရလာရတာတော့ အဆင်မပြေဘူး” ဟု ၎င်းကထပ်မံ ပြောကြားသည်။

စာသင်ဆောင် အရေအတွက် နည်းပါးပြီး ကျောင်းသားဦးရေ များပြားလျက် ရှိသောကြောင့် ပုံမှန်အားဖြင့် တစ်ခန်းလျှင် လူဦးရေ ၇၀ ခန့် ထားရမည့်အစား စာသင်ခန်း မလုံလောက်သည့်အတွက် ကျောင်းသား ဦးရေ ၁၀၀ ခန့် ထားရှိရကြောင်း ကျောင်းအုပ် ဆရာမကြီးက ထပ်မံပြောကြားသည်။

စာသင်ကျောင်းဆောင် အချို့ကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ယာယီ ကျောင်းဆောင်များ ဆောက်လုပ်ထား၍ သင်ကြားရကြောင်း ယင်းကျောင်းအကျိုးတော်ဆောင် ဦးမြင့်ကျော်က ပြောကြားသည်။

“အဆောက်အအုံ မလုံလောက်တာကို တင်ပြထားတာတော့ ရှိတယ်။ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် တစ်စုံတစ်ရာ တိုင်းရုံးကို မရောက်လာသေးပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာသင်ကျောင်းဆောင် မလောက်သည့်အတွက် နွေရာသီ ပူပြင်းသည့် အချိန်များ၌ သစ်ပင်အရိပ်များတွင် သွားရောက် သင်ကြား ကြကြောင်း ကျောင်းဆရာတစ်ဦးက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွင်း တန်းခွဲ အဆင့်မြှင့်တင် ပေးခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၃၀၀ ကျော် ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

The Voice Weekly