Home » » ၇၈၆ အဓိပ္ပာယ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တရားဝင်ရှင်းလင်း

၇၈၆ အဓိပ္ပာယ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တရားဝင်ရှင်းလင်း

Written By Unknown on Thursday, June 13, 2013 | 4:48 PM

ရန်ကုန်၊ ဇွန် ၁၂

အစ္စလာမ် ဘာသာအပေါ် အခြားဘာသာများက သံသယ ဖြစ်နေသည် ဆိုသည့် ၇၈၆ အဓိပ္ပာယ်မှာ ၂၁ ရာစုတွင် ကမ္ဘာကို အစ္စလာမ်ဘာသာ လွှမ်းမိုးရန် ဆိုသည့် အဓိပ္ပာယ် မဟုတ်ကြောင်း အစ္စလာမ် ဘာသာရေး ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity For Peace Networks) က မီဒီယာများကို ဖိတ်ကြားကာ တရားဝင် ထုတ်ပြန် ရှင်းလင်းသည်။

၇၈၆ ဆိုသည့် ကိန်းဂဏန်းမှာ ဘာသာခြားများကို ခွဲခြားဆက်ဆံရန် မဟုတ်ကြောင်း ယင်းကွန်ရက်က ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တော် သိမ်ဖြူ လမ်းရှိ YMCA ခန်းမ၌ ကျင်းပသည့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

မပြတ်မစဲ ကရုဏာ ထားတော်မူသော အရှင်၊ အနန္တ ကောင်းချီး ကရုဏာတော် အရှင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏ဟု အဓိပ္ပာယ်ရသော အရဗီ စာသားကို အိန္ဒိယနိုင်ငံမှ မွတ်ဆလင်တို့က သင်္ချာဗေဒနှင့် အက္ခရာစာလုံး အစားထိုးနည်း (Numerology) ဖြင့် ၇၈၆ ကိန်းဂဏန်းအဖြစ် တွက်ချက် ဖလှယ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ကွန်ရက်က ထုတ်ပြန်သည်။

အစ္စလာမ်ဘာသာနှင့် မွတ်ဆလင်များအပေါ် အထင်အမြင် နားလည်မှု လွဲမှားမှုများနှင့် ပတ်သက်၍ Unity For Peace Networks ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၇၈၆ အဓိပ္ပာယ် အပြင် သားဖောက် သာသနာပြုသည့် ကိစ္စ၊ ဂျီဟာဒ်ကိစ္စ အပါအဝင် အချက် ကိုးချက်ကို အဓိကထား ရှင်းလင်းခဲ့သည်။

ဗလီများနှင့် ပတ်သက်၍ ဖြစ်ပွားနေသော သံသယများ အတွက်လည်း မည်သည့် ဘာသာဝင်များမဆို လာရောက် လေ့လာရန် ဗလီများက တံခါးဖွင့်ထားကြောင်း ဘင်္ဂါလီ စွန္နီဂျာမေဗလီ၏ ရှေ့ဆောင် ဆရာတော် ဦးတင်မြင့်က ပြောကြားသည်။

၇၈၆ သည် အစ္စလာမ် ကမ္ဘာက အသိအမှတ် ပြုထားသည့် သင်္ကေတ မဟုတ်သကဲ့သို့ အစ္စလာမ် တရားတော်တွင်လည်း လုံးဝ မပါရှိကြောင်း အစ္စလာမ် ဘာသာဝင် အဖွဲ့အစည်း ၁၄ ခုဖြင့် ဖွဲ့စည်းထားသည့် Unity For Peace Networks က ထုတ်ပြန်သည်။

၇၈၆ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်ပြီး အဓိပ္ပာယ် အမျိုးမျိုး ကွဲလွဲနေသဖြင့် ၂၁ ရာစုတွင် မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာက သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် ယင်းလမ်းစဉ် အတိုင်း ဆက်လက်ကျင့်သုံးသည့် အစ္စလာမ် ဘာသာဝင်များကို တိုင်ကြားပါက အရေးယူမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက တရားဝင် ထုတ်ပြန် ကြေညာပေးရန် လိုအပ်ကြောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက ပြောကြားသည်။

The Voice Weekly