Home » » ပြည်သူ့ဆေးရုံတိုင်းတွင် ငါးနှစ်အောက်ကလေးများကို အခမဲ့ဆေးကုပေးမည်

ပြည်သူ့ဆေးရုံတိုင်းတွင် ငါးနှစ်အောက်ကလေးများကို အခမဲ့ဆေးကုပေးမည်

Written By Unknown on Thursday, June 13, 2013 | 4:37 PM

ရန်ကုန်-ဇွန်- ၁၂

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် အသက်ငါးနှစ် အောက်ကလေးများကို အခမဲ့ဆေး ကုသမှုပေးရန် ညွှန်ကြားထားကြောင်း နေပြည်တော်ကောင်စီ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

အဆိုပါဝန်ဆောင်မှုကို တစ်နိုင်ငံလုံးရှိ ၁၆ ခုတင်ဆံ့ဆေးရုံမှစ၍ ပြည်သူ့ဆေးရုံတိုင်းတွင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက မေလအတွင်းကျင်းပခဲ့သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်ကပြောသည်။

ပြည်သူ့ဆေးရုံများတွင် Under Five Clinic ဟုခေါ်သည့် ငါးနှစ်အောက်ကလေး အခမဲ့ဆေးကုသနိုင်မည့် သီးသန့်ဆေးခန်းကို နေရာ တစ်ခုစီစဉ်ကာ လက်ရှိတွင်အရေးပေါ်လူနာများအတွက် ၀ယ်ယူထားသည့် ဆေးဝါးများအသုံးပြုနေပြီး မကြာမီတွင်လိုအပ်သည့်ဆေးဝါးများဖြည့်တင်းရန် ငွေကြေးခွဲဝေချထားမည်ဖြစ်ကြောင်း သိရသည်။

“အခုထိတော့ ကြားမိတာပဲရှိတယ်။ သန်ဘက်ခါလုပ်မယ့်အစည်းအဝေးကျမှ ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်သိရမယ်။ တရားဝင်စာထွက်တာ၊ ညွှန်ကြားတာတစ်ခုမှတော့ အခုထိမရှိသေးပါဘူး”ဟု ရန် ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်ကပြောသည်။

အရေးပေါ်အတွက်ဆေးဝါးများနှင့် အသက်ငါးနှစ်အောက်ကလေးများ အခမဲ့ဆေးကုသမှုနှင့် ပတ်သက်သည့် လိုအပ်သည့်ဆေးဝါးများ ၀ယ်ယူရေးအစည်းအဝေးကို ယခုလအတွင်း ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် ဆေးရုံအလိုက်ဆေးဝါးဝယ်ယူရေးရန်ပုံငွေခွဲဝေမှုဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်ကပြောသည်။

“အရင်နှစ်က အရေးပေါ်လူနာတွေအတွက် စီစဉ်ခဲ့ရာကနေ ဒီနှစ် အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးနှုန်းကျဆင်းစေဖို့ ဒါကိုထပ်ထည့်လိုက်တာပါ။ ဆေးရုံအတွက် ဘယ်လောက်ရမလဲမသိသေးပေမယ့် ခုတင်၂၀၀ဆံ့ပျဉ်းမနားဆေးရုံအတွက် ကျပ်သိန်း ၂၀၀၀ ချထားတယ်” ဟု ဒေါက်တာထွန်းမြင့်က ဖြည့်စွက် ပြောကြားသည်။

အသက်ငါးနှစ်အောက် ကလေးများဆေးကုသခွင့် အခမဲ့အတွက် တိကျသေချာလူနာအမျိုးအစားခွဲခြားမှုများကို အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ရန် လိုအပ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာသန်းထိုက်ကပြောသည်။

“လူတိုင်းတော့အခမဲ့မရဘူး။ ကင်ဆာလိုရောဂါရှင်တွေဆိုရင် လူတစ်ယောက်တည်းကိုပဲ ဆေးဖိုးက သိန်းချီနေပါတယ်။ အခုလည်း အရင်ကထက် လူအများကြီးကို အခြေခံ ဆေးဝါးတွေနဲ့အချို့ကို အခမဲ့ကုသပေးနေနိုင်တယ်” ဟု ဒေါက်တာသန်းထိုက်က ဆက်လက်ပြောသည်။ “ဒီနှစ်မှာ ခွဲပြီးမွေးမွေး၊ ရိုးရိုးပဲ မွေးမွေး မွေးလူနာတွေအတတ်နိုင်ဆုံး အခမဲ့ဖြစ်နိုင်အောင်လည်း လုပ်ဖို့ရှိပါတယ်”ဟု ဒေါက်တာထွန်းမြင့်ကဆက်လက်ပြောသည်။

မြန်မာနိုင်ငံသည် ငါးနှစ် အောက်ကလေးသေဆုံးမှုနှုန်းမြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေပြီး ကလေးများတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများကြောင့် သေဆုံးမှုများပြားနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)ကလည်းဖော်ပြထားသည်။ အစိုးရသစ်တာဝန်ထမ်းဆောင်ပြီးတစ်နှစ်ကျော်တွင် ပြည် သူ့ဆေးရုံများ၌ အရေးပေါ်လူနာများအခမဲ့ဆေးကုသနိုင်ရန် ငွေကြေးချထားပေးခဲ့ပြီး ယခုနောက်တစ်နှစ်တွင် ငါးနှစ်အောက်ကလေးများ အခမဲ့ဆေးကုသနိုင်ရန်ပါ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

7Day News Journal