Home » » နှစ်လကျော်ကြာ မြှုပ်နှံထားသည့် အလောင်းကို ပြန်ဖော်စစ်ဆေး

နှစ်လကျော်ကြာ မြှုပ်နှံထားသည့် အလောင်းကို ပြန်ဖော်စစ်ဆေး

Written By Unknown on Thursday, June 20, 2013 | 4:03 AM

ထန်းတစ်ပင်မြို့နယ် စန္ဒယော ကျေးရွာမှ သေဆုံးသူ ဦးရှားအောင်၏ အလောင်းကို မြှုပ်နှံထားမှု နှစ်လကျော် ကြာပြီးနောက် သာမန်သေဆုံးခြင်း မဟုတ်ဘဲသတ်ဖြတ်ခံရသည်ဟု သံသယရှိသဖြင့် ထန်းတပင် မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းက ပြန်လည်ဖော်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ် ပြန်သည်။

ဧပြီလ ၄ ရက်တွင် သေဆုံးခဲ့သည့် ဦးရှားအောင်ကို တစ်ဦးတစ်ယောက်၏ ပြုလုပ်မှုကြောင့် သေဆုံးခဲ့ခြင်း မဟုတ်ဟု ယူဆခဲ့၍ ညတွင်းချင်းပင် စန္ဒယော ကျေးရွာ သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ရေကန်အတွင်းပစ်ချခံခဲ့ရကာ သေဆုံးခြင်းဟု ညီဖြစ်သူ ဦးအောင်ထူး (၅၅) နှစ်၊ (ဘ) ဦးရွှေ၊ ဗမာ၊ ဗုဒ္ဓ၊ လယ်လုပ်က တက်သစ်နယ်မြေ ရဲစခန်းသို့ တိုင်စာ ပေးပို့ထားသည်။

ဦးရှားအောင်၏ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အလောင်းဖော်ယူ စစ်ဆေးနိုင်ရန် ယာယီရဲမှူးသောင်းလင်း(ထန်းတပင်မြို့နယ်)က တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုအား တက်သစ်နယ် မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၁၃ဖြင့် ယခုလ ၁၇ ရက်နေ့တွင် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ် တင်မြင့်(စခန်းမှူး)က စစ်ဆေးလျက်ရှိသည်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ စန္ဒယောကျေးရွာနေ ဦးရှားအောင် (၅၈) နှစ်မှာ ဧပြီလ ၁ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားခဲ့သည်။ ယင်းနောက် သုံးရက်အကြာ ဧပြီ ၄ ရက်ညနေ ၅ နာရီ အချိန်တွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese