Home » » မုန်းမြို့တွင် ပဋိပက္ခဖန်တီးသူနှစ်ဦး ထောင်ဒဏ်ချမှတ်

မုန်းမြို့တွင် ပဋိပက္ခဖန်တီးသူနှစ်ဦး ထောင်ဒဏ်ချမှတ်

Written By Unknown on Wednesday, June 5, 2013 | 5:11 PM

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ တုံးတောရွာတွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခကို စတင်ဖန်တီးသူ သုံးဦးအနက် နှစ်ဦးကို မေလ ၃၁ ရက်နေ့ က ကျောက်ကြီး မြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ကြောင်း ကျောက်ကြီးမြို့နယ် တရားသူကြီး ဦးမြင့်ကျော်က The Voice သို့ ပြောကြားသည်။

ကျန်တစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅(က)အရ ဆက်လက်အရေး ယူမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် တရားသူကြီးက ရှင်းပြသည်။

မေလ ၂၉ ရက်နေ့ နေ့လယ်တွင် မုန်းဒေသကြီး (၁) ရပ်ကွက်နေထိုင်သူ သန်းဌေးဆိုသူကို မျိုးနိုင်နှင့် အောင်နိုင်ဦးတို့နှစ်ဦးက တုတ်ဖြင့်ရိုက် ခဲ့သောကြောင့် မုန်းဒေသ ရဲတပ်ဖွဲ့စခန်းက မျိုးနိုင်နှင့် အောင်နိုင်ဦးတို့ကို ပ-၃၅/၂၀၁၃ ၂၉၄/ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် သံဃာတော်အချို့နှင့် လူတစ်စု ကို (၁) ရပ်ကွက်နေသူ ခိုင်လင်း(ခ) ဝဏ္ဏစိုး (၂၀နှစ်) က ဆဲဆိုရာမှ တစ်ဆင့် ပဋိပက္ခ ဖြစ်ပွားခဲ့သောကြောင့် ခိုင်လင်း(ခ)ဝဏ္ဏစိုးကို မုန်းဒေသ ရဲစခန်းက ပ-၃၅/၁၃၊ လူတစ်စု၊ လူတစ်ဦး ကိုးကွယ်ယုံကြည်သော ဘာသာသာသနာကို တမင် ညစ်နွမ်းအောင်ပြုမူမှု အရေးယူသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅(က) ဖြင့် ကျောက်ကြီးမြို့နယ် တရားသို့ တရားစွဲ တင်ပို့ ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၃၁ ရက်နေ့တွင် ကျောက်ကြီး မြို့နယ်တရားရုံးက မျိုးနိုင် (၃၂ နှစ်)နှင့် အောင်နိုင်ဦး (၂၅ နှစ်) မုန်းဒေသတို့ကို ပုဒ်မ ၂၉၄/၃၂၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး ခိုင်လင်း(ခ)ဝဏ္ဏစိုးကို ပုဒ်မ ၂၉၅(က)အရ တရားရုံးတွင် ဆက်လက်တရားစွဲဆို မည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ်တရားသူကြီး ဦးမြင့်ကျော်က The Voice သို့ပြောကြားသည်။

ကျောက်ကြီးမြို့နယ် မုန်းဒေသ တုံးတောကျေးရွာတွင် မေလ ၂၉ ရက်နေ့ နေ့ လယ် ၁ နာရီခန့်တွင် စတင်ဖြစ်ပွားသော ပဋိပက္ခကြောင့် ဆောက်လုပ်ခွင့် ရပ်ဆိုင်းခံထားရသော အဆောက်အအုံနှင့် အိမ်တစ်လုံး၊ မော်တော် ဆိုင်ကယ်တစ်စီးအပြင် ဈေးဆိုင်အချို့ကို မီးရှို့ခံခဲ့ရကြောင်း မုန်းဒေသ ရပ်ကွက် (၂) တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီ ခန့်တွင် စတင်ဖြစ်ပွားသော မုန်းဒေသ ပဋိပက္ခကို သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းခဲ့သဖြင့် ညနေ ၆ နာရီတွင် တည်ငြိမ်ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးလင်းအောင်က ပြောကြားသည်။

The Voice Weekly