Home » » တရားမဝင်ဆိုင်ကယ်စီးမှု ဖမ်းဆီးသူများကိုယ်တိုင် ဆိုင်ကယ်စီးနေခြင်းကို လှိုင်သာယာမြို့ခံများ မကျေနပ်

တရားမဝင်ဆိုင်ကယ်စီးမှု ဖမ်းဆီးသူများကိုယ်တိုင် ဆိုင်ကယ်စီးနေခြင်းကို လှိုင်သာယာမြို့ခံများ မကျေနပ်

Written By Unknown on Wednesday, June 5, 2013 | 5:21 PM

လှိုင်သာယာမြို့နယ်အတွင်းတွင် တရားမဝင် ဆိုင်ကယ်စီးနင်းမှုများကို လိုက်လံဖမ်းဆီးနေသည့် အာဏာပိုင်များ ကိုယ်တိုင် ဆိုင်ကယ် စီးနင်းနေမှုကို ဒေသခံအချို့က မကျေနပ်ကြောင်း မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် ရန်ကုန် '' ပုသိမ်လမ်းမကြီးပေါ်တွင် ယခုလ ၁ ရက်မှ စတင်ပြီး တရားမဝင် ဆိုင်ကယ်စီးနင်း မှုများကို ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း ဒေသခံများကဆိုသည်။ ယင်းကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ လိုက်ထရပ်ကားများဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သော မီးသတ်များ၊ ဒေသခံရဲများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များကိုယ်တိုင် တရားမဝင် ဆိုင်ကယ်စီးနင်းနေမှုများ ရှိနေကြောင်း ဒေသခံများက ပြောပြကြသည်။

လှိုင်သာယာ မြို့ခံတစ်ဦးဖြစ်သည့် ရှစ်လေးလုံး လူမှုကွန်ယက်(ယာယီ)မှ ဥက္ကဌဖြစ်သူ ဦးရဲကိုနိုင်က ''ဆိုင်ကယ် ဖမ်းတဲ့ အဖွဲ့မှာ ဆိုင်ကယ်စီးပိုင်ခွင့်မရှိတဲ့ မီးသတ်၊ ရဲနဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကိုယ်တိုင် ဆိုင်ကယ်စီးနေတယ် ဆိုတော့ မြင်ရတာရုပ်ဆိုးပါ တယ်။ ဒါဟာ ဖမ်းပိုင်ခွင့်ကို ဥပဒေအထက်က နေလုပ်နေကြတယ်လို့လဲ မြင်မိပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံး မြို့နယ်များတွင် ခရီတို လမ်းပန်းဆက်သွယ်ရေးအတွက် ဆိုင်ကယ်များကို အားကိုးလာကြသဖြင့် တရားမဝင် ဆိုင်ကယ်စီးနင်းမှုများ မြင့်မားလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်မြို့နယ်မှ အငှားဆိုင်ကယ်မောင်းနှင်သူ တစ်ဦးက ''သက်ဆိုင်ရာကလည်း ဖမ်းနေတယ်။ ဒါပေမယ့် ဝမ်းရေးအတွက် အရဲစွန့်ပြီး လုပ်စားနေရတာပဲ'' ဟု ဆိုသည်။

အစိုးရက ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ အတွက် ခွင့်ပြုထားသော ဆိုင်ကယ်စီးရေ အနည်းငယ်မှအပ ကျန်အဖွဲ့အစည်းများကို ဆိုင်ကယ်စီးနင်းခွင့် မပြုကြောင်း တရားဝင်ထုတ်ပြန် ထားသည်။

တရားမဝင် ဆိုင်ကယ်စီးသူများကို ဖမ်းဆီးနေသူများ ကိုယ်တိုင်ဆိုင်ကယ်စီးနင်း နေမှုကို ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ စာဖြင့် ကြိုတင်ပြပြီးမှသာ မေးနိုင်ကြောင်းပြန်ဖြေသည်။

ဇော်ဇော်ထွေး |
by Mizzima - News in Burmese