Home » » ဘုရင့်နောင်တံတားပေါ်မှ ရေထဲခုန်ချသော မိန်းကလေးမသေဘဲ အရေးယူခံရနိုင်

ဘုရင့်နောင်တံတားပေါ်မှ ရေထဲခုန်ချသော မိန်းကလေးမသေဘဲ အရေးယူခံရနိုင်

Written By Unknown on Thursday, June 13, 2013 | 4:57 PM

ရန်ကုန်၊ ဇွန်- ၁၂

အကြွေးကျပ်ဆယ်သိန်း ပေးဆပ်ရန်ရှိသဖြင့် စိတ်ညစ်၍ အမျိုးသမီးငယ်တစ်ဦးဘုရင့်နောင် တံတားပေါ်မှ ရေထဲခုန်ချခဲ့ရာ ကယ်ဆယ်သူရှိ၍ အသက်မသေသော်လည်း သေကြောင်းကြံစည်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ရဲမှူး တစ်ဦးကပြောသည်။

“ဒါသေကြောင်းကြံစည်မှုဆိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အရေးယူရမှာပေါ့။ ဒါပေမဲ့ ဒီအမှုက ကောင်မလေးက မသေတော့ သူ့ကိုအခုမှ စစ်နေတုန်းပါ။ ဘယ်လောက် ပြစ်ဒဏ်ကျခံရမယ် ဆိုတာကတော့ တရားရုံးကပဲ ဆုံးဖြတ်ပါလိမ့်မယ်”ဟု လှိုင်သာယာမြို့နယ်၊ ရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ဦးက 7Day Daily ၏ မေးမြန်းချက်ကို ဇွန် ၁၂ ရက် ညနေ ၄ နာရီတွင် ပြန်လည်ဖြေကြားသည်။

ဇွန် ၁၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားဟောင်း ရေလယ်တိုင်အမှတ် ၄ နှင့် ၅ ကြားမှ အမျိုးသမီးငယ်တစ်ဦးရေထဲခုန်ချ ခဲ့ရာ တံတားသစ်စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ဇက်ရေယာဉ်အမှတ် ၁၁၀ ပြည်တွင်းရေကြောင်းပိုင် ရေယာဉ်ပေါ်တွင်ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်)က တွေ့မြင်သဖြင့် ဆယ်ယူကယ်တင်ပေးခဲ့သည်။

အဆိုပါ အမျိုးသမီးငယ် သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်၊ သဌေးကုန်းရွာနေ အသက် ၂၀ နှစ်ရှိသူဖြစ်ပြီး လွန်ခဲ့သော သုံးရက်ခန့်က လှိုင်သာယာမြို့နယ်၊ အ မှတ် ၁၆ ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကာ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ အကြွေးဆယ်သိန်းခန့် ပေးဆပ်ရန်ရှိသဖြင့် စိတ်ညစ်ကာရေထဲ ခုန်ချခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းများတွင်ရေးသားထားသည်။ လွန်ခဲ့သော အနှစ် ၂၀ ကျော်ကလည်း အကြွေးကျပ်တစ်သောင်းပေးဆပ်ရန်ရှိသော အစိုးရ၀န်ထမ်းအမျိုးသမီးတစ်ဦး သာကေတ တံတားပေါ်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သောကြောင့် တံတားပေါ်တွင် ၎င်းရေးထားခဲ့သည့် စာအရ လူအများသိရှိကာ စုတ်တသပ်သပ်ဖြစ်ခဲ့ကြရသည်။

7Day News Journal