Home » » ပုဂ္ဂလိကအထက်တန်းကျောင်းလိုင်စင် ယခုနှစ်အတွက် ချထားပေးတော့မည်

ပုဂ္ဂလိကအထက်တန်းကျောင်းလိုင်စင် ယခုနှစ်အတွက် ချထားပေးတော့မည်

Written By Unknown on Wednesday, June 5, 2013 | 3:20 PM

အစိုးရ သင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိက အထက်တန်းကျောင်းများသို့ ယခုနှစ်အတွက် ခွင့်ပြုချက် လိုင်စင်များကို ဇွန်လ ဒုတိယပတ်အတွင်း အပြီးသတ် ချထားပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

ယခု ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန သုံးခုထံ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၀ ကျော် လျှောက်လွှာ တင်သွင်းထားကြောင်း ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက The Voice သို့ ပြောကြားသည်။

“မန္တလေးဘက်ကတော့ ငါးနှစ် သက်တမ်းကျောင်းတွေ ပါလိမ့်မယ်။ ရန်ကုန်တော့မပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၃ ကျောင်းကို အမှတ် (၁) အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ကြီးဌာနထံ တင်ထားကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကြိုင်က The Voice သို့ ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ယခင်နှစ် ပညာသင်နှစ်မှ စတင်ကာ ကိုယ်ပိုင်ကျောင်းပေါင်း ၆၆ ကျောင်းကို စမ်းသပ်ကာလ တစ်နှစ်သက်တမ်း၊ ယာယီကာလ ၂ နှစ် သက်တမ်းနှင့် ပုံမှန်ကာလ ငါးနှစ်သက်တမ်း အသီးသီး ခွင့်ပြုခဲ့သည်။

ယခင်နှစ်က စတင်ခွင့်ပြုခဲ့သော ပုဂ္ဂလိကကျောင်းများကို ပြင်ပ ပညာရေး လေ့လာသုံးသပ်သူများဘက်မှ ဝေဖန်မှုများရှိခဲ့ပြီး၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့သော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကို ပြန်လည် ပြင်ဆင်ရန်လည်း တိုက်တွန်းမှုများ ရှိခဲ့သည်။

The Voice Weekly