Home » » တောင်ငူခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်

တောင်ငူခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်

Written By Unknown on Wednesday, June 12, 2013 | 5:21 PM

တောင်ငူ၊ ဇွန် ၁၁

ကပ်ရောဂါ အသွင်ဆောင်နေသည့် သွေးလွန်တုပ်ကွေးသည် မေလဆန်းမှ စ၍ ယခု ဇွန်လ ပထမပတ်အထိ တစ်လကြာ ကာလအတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုနှုန်း သုံးပုံ တစ်ပုံအထိ မြင့်တက်လာကြောင်း တောင်ငူ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်ဝေက ပြောကြားသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ရှိ အသက် ၁၀ နှစ်ကျော် ကလေး ၁၀ ဦးခန့်သာ မေလဆန်း၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သော်လည်း ဇွန်လ ဆန်းတွင် ၂၅ ဦး အထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ တစ်ဦးမျှ မရှိဘဲ ဆေးရုံ တက်ရောက် ကုသသည့် ကလေးငယ် ၄၀ ခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ခရိုင်တွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်ထက် သုံးပုံ တစ်ပုံခန့် မြင့်တက်ခဲ့သော်လည်း အရေအတွက်အားဖြင့် အသေးစိတ် ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ဧပြီလမှစတင်ကာ ပြင်ပ ဆေးကုသခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာရှိသည့် ကလေးငယ်များကို ကုသမှုများ ရှိနေပြီး ခရိုင် ပြည်သူ့ဆေးရုံကြီးကို ထပ်မံ လွှဲပြောင်းကုသမှုများ ရှိကြောင်း တောင်ငူမြို့ (၁၉) ရပ်ကွက် နတ်သျှင်နောင်လမ်း ရှိ ပြင်ပဆေးခန်း တစ်ခုမှ ဆရာဝန် တစ်ဦးက ပြောကြားသည်။

နှစ်စဉ် သွေးလွန်တုပ်ကွေး အဖြစ်များသည့် မေလမှ စတင်ကာ ရပ်ကွက် ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပညာပေးခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ် ဆေးခပ်ခြင်း များကို ပုံမှန် ဆောင်ရွက်ကြောင်း တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာန ထံမှ သိရှိရသည်။

ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို လိုက်နာကာ မိမိ၏ကလေးများ ကို ဂရုတစိုက် စောင့်ကြည့်ပေးရန် လိုအပ်ကြောင်း တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာန ခရိုင် ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်မေသွင်က သုံးသပ် ပြောကြားသည်။

The Voice Weekly