Home » » စပါးပေး တင်းတစ်ရာလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဈေးပေါက်

စပါးပေး တင်းတစ်ရာလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဈေးပေါက်

Written By Unknown on Wednesday, June 12, 2013 | 5:10 PM

ဟင်္သာတ၊ ဇွန် ၁၁

မုတ်သုံရာသီ စပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ် လိုအပ်သည့် လယ်သမား များသည် အစိုးရ စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ထုတ်ပေးမှု နောက် ကျနေ၍ ပြင်ပမှ လိုက်လံ ချေးယူရာတွင် ငွေတစ်သိန်းခွဲအတွက် စပါးပေါ်ချိန် စပါးပေး (စပါးနှင့် ပြန်ဆပ်) တင်း ၁၀၀ အထိ ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် တောင်သူများထံမှ စုံစမ်း သိရှိရသည်။

လက်ရှိပေါက်ဈေး စပါးတင်း ၁၀၀ကို ကျပ်လေးသိန်းနှစ်သောင်း ဖြစ်နေချိန် တွင် ငွေကြေး တတ်နိုင်သူများထံမှ လယ်ယာ စိုက်ပျိုးလုပ်ကိုင်ရန် စပါးပေး တင်းတစ်ရာလျှင် ထက်ဝက်ဈေးဖြစ်သော ငွေကျပ် တစ်သိန်းခွဲပေါက်ဈေးဖြင့် ချေးယူနေရကြောင်း တောင်သူများထံမှ စုံစမ်း သိရှိရသည်။

စိုက်ပျိုးချိန် အမီမရရှိသော ဘဏ်ချေးငွေကြောင့် တောင်သူများသည် အနိမ့်ဆုံး သုံးကျပ်တိုးဖြင့် ငွေရှာ စိုက်ပျိုးစရိတ် ခက်ခက်ခဲခဲ ရှာဖွေနေရပြီး အတိုးဖြင့် ရှာမရပါက တင်းတစ်ရာ သုံးသိန်းဈေး အထက် ပေါက်နေသော စပါးဈေး၏ ထက်ဝက်နှုန်းဖြစ်သော တစ်သိန်းခွဲနှုန်းဖြင့် ငွေချေးယူရသည့် အတွက် တောင်သူများ အနေနှင့် ကိုယ့်လုပ်စာ ကိုယ်မစား ရကြောင်း လေးမျက်နှာမြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်စိုးက ပြောကြားသည်။

မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူတို့အတွက် စိုက်ပျိုး စရိတ် ချေးငွေ ထုတ်ချေးမှု နောက်ကျနေသည့်အတွက် ဆင်းရဲနွမ်းပါးသော တောင်သူအများစုမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေ ရကြောင်း လေးမျက်နှာမြို့နယ်ရှိ တောင်သူတို့က တညီတညွှတ် တည်း ပြောကြားသည်။

ချေးငွေများကို ရန်ပုံငွေပေါ် မူတည်၍ ထုတ်ပေးရပြီး လက်ရှိတွင် ရန်ပုံငွေ ရရှိပြီဖြစ်ကြောင်းနှင့် ထုတ်ပေးရန်အတွက် ခွင့်ပြုမိန့် စောင့်နေခြင်းဖြစ်ပြီး ဇွန်လထဲတွင် ထုတ်ပေးနိုင်မည်ဟု ခန့်မှန်းရကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် လေးမျက်နှာမြို့နယ် မန်နေဂျာ ဒေါ်ရီရီကြိုင်က ပြောကြား သည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် လေးမျက်နှာ မြို့နယ်အတွက် စိုက်ပျိုးစရိတ် ချေးငွေကို နှစ်စဉ် ဇူလိုင်လကုန်ပိုင်းမှ စတင်ထုတ်ပေးလေ့ ရှိပြီး အချို့သော တောင်သူများမှာ သြဂုတ်လကုန်ပိုင်းမှ ချေးငွေရရှိ ကြကြောင်း တောင်သူများထံမှ သိရသည်။

လယ်ယာသုံး သွင်းအားစုများအား အခွန် ကင်းလွတ်ခွင့် ပြုထားသည် ဆိုသော်လည်း လယ်ယာသုံးပစ္စည်းများ ဈေးမကျဘဲ ဓာတ်ဆားနှင့် ကွန်ပေါင်း ဓာတ်မြေသြဇာများ ဈေးနှုန်း မြင့်မားနေမှုကိုလည်း ရင်ဆိုင်နေရ ဆဲ ကာလတွင် ချေးငွေ ထုတ်ပေးမှု နောက်ကျသည့်အတွက် တောင်သူတို့ အနေနှင့် ပိုမို ကျပ်တည်းခဲ့ရမှုများနှင့် ရင်ဆိုင်နေရကြောင်း ဆန်စက် လုပ်ငန်းရှင် ဦးဝင်းခိုင်စိုးက ဆိုသည်။

The Voice Weekly