Home » » အိန္ဒိယဘဏ်နဲ့ရေနံ လုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးလုပ်ကိုင်မယ်

အိန္ဒိယဘဏ်နဲ့ရေနံ လုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးလုပ်ကိုင်မယ်

Written By Unknown on Friday, June 7, 2013 | 10:10 AM

မြန်မာနိုင်ငံထဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအတွက် ပိုမို လမ်းပွင့်လာတာနဲ့အမျှ အိန္ဒိယနိုင်ငံက ရေနံလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေစုပေါင်းထားတဲ့အဖွဲ့တဖွဲ့ကလည်း ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အခုမြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံမှုလုပ်မယ့် အိန္ဒိယနိုင်ငံက စုပေါင်း စီးပွားရေးလုပ်ငန်းအဖွဲ့တွေထဲမှာ ပါဝင်တဲ့ကုမ္ပဏီကြီးတွေကတော့ Oil India ရေနံကုမ္ပဏီ၊ ONGC Videsh ရေနံကုမ္ပဏီနဲ့ SBIBSE ခေါ် ဘဏ်လုပ်ငန်းကုမ္ပဏီတွေပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စွမ်းအင်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို ပူးပေါင်းထုတ်လုပ်ဖို့နဲ့ ကမ်းလွန်နဲ့ ကုန်းတွင်းပိုင်း နှစ်ခုစလုံးက ရေနံတွေကို ရှာဖွေတူးဖော်ကို စိတ်ဝင်စားနေတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ စီးပွားရေးစုပေါင်းကုမ္ပဏီက တာဝန်ရှိသူတဦးကပြောပါတယ်။

နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေလိုမျိုး ပြန်ပြည့်မြဲစွမ်းအင်ဖြစ်တဲ့ စွမ်းအင်အရင်းအမြစ်အသစ်ကို အိန္ဒိယနိုင်ငံကတိုးတက်လုပ်ဆောင်နိုင်သလို မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းတွေကိုလည်း အဲလိုမျိုးတိုးတက်အောင်လုပ်ဆောင်နိုင်စေချင်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

အကြာသေးခင်ကပဲ မြန်မာနိုင်ငံက ဓါတ်ငွေ့နဲ့ ကမ်းလွန်ရေနံလုပ်ကွက် ၁၈ ခုကို အစိုးရက လုပ်ခွင့်ပြုခဲ့ပါတယ်။ အခုလိုဖွင့်ပေးလိုက်တဲ့ ဓါတ်ငွေ့နဲ့ ရေနံလုပ်ကွက်တွေမှာ လုပ်ခွင့်ပြုဖို့အတွက် စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ အိန္ဒိယနိုင်ငံရေနံကုမ္ပဏီတွေဖြစ်တဲ့ OIL၊ OVL၊ Cairn India နဲ့ Jubilant Engery ကုမ္ပဏီတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒါအပြင် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းစနစ်တွေကိုလည်း ကူညီလုပ်ဆောင်ပေးစေချင်သလို အိန္ဒိယဘဏ်တွေက မြန်မာနိုင်ငံထဲကို သူတို့ရဲ့ဘဏ်ခွဲတွေဖွင့်လှစ်ဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် United Bank of IndiaBSE က မြန်မာနိုင်ငံမှာထားရှိမဲ့သူတို့ရဲ့ကိုယ်စားလှယ်ရုံးကို စတင်လုပ်ဆောင်နေပြီးတော့ မကြာခင်မှာ ဖွင့်လှစ်နိုင်ဖို့အတွက်ခွင့်ပြုချက်ရတော့မှာလို့လည်း မျှော်လင့်နေကြပါတယ်။ ပြီးတော့ Bank of India နဲ့ State Bank of India တို့ကလည်း အစိုးရပိုင် ပူးတွဲဘဏ်လုပ်ငန်းတခုဖွင့်လှစ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်းဆိုပါတယ်။

တချိန်ထဲမှာပဲ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုအထောက်အကူနဲ့ အခြေအခံအဆောက်အဦး ပြန်လည်မြင့်တင်ဖို့ အတွက် ထိရောက်မှုရှိတဲ့ထောက်ပံ့မျှဝေမှုတွေကိုလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ကြာသာပတေးနေ့တုန်းက အိန္ဒိယနိုင်ငံက ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက ၀န်ကြီး Anand Sharma နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့စုံခဲ့ပြီးတော့ ပညာရေးကဏ္ဍ၊ ဆေးရုံအဆောက်အဦးပြန်လည်မြင့်တင်ရေး၊ အထည်အလိပ်လုပ်ငန်း၊ လက်ယက်ကန်းနဲ့ အခြေခံအဆောက်အဦး တွေအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ABC Radio Australia