Home » » တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်စုပြော

တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်စုပြော

Written By Unknown on Friday, June 7, 2013 | 10:06 AM

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံရဲ့ ပထမနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့တာဆိုတာ မဟုတ်သလို တိုင်းရင်းသားတွေကို ဘယ်တော့မှ လျော့မတွက်ခဲ့ဘူးလို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ အနာဂတ် ဆို တဲ့ ခေါင်း စဉ် နဲ့ ပြု လုပ် တဲ့ ဆွေးနွေး ပွဲ အ တွင်း ဒေါ် အောင် ဆန်း စု ကြည် က ပြောသွားတာဖြစ်ပြီး အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးဖြစ်တဲ့ မ ဇင် မာ အောင် တို့ လည်း ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ အဖွင့်နေ့မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို ဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့တဲ့ မဇင်မာအောင်က အခုလိုပြောပါတယ်။

"တိုင်းရင်းသားအရေးကို ဒေါ်အာင်ဆန်းစုကြည်အနေနဲ့ နှုတ်ပိတ်ပြီးတော့ နေတယ် ဆိုတာမျိုးတွေကို မေးတာ တွေရှိတယ်၊ ဆိုတော့ အဲဒါမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေရှင်းသွားတာတွေရှိတယ်၊ ဘယ်တော့မှ သူတိုင်းရင်းသားတွေကို လျော့မတွက်ခဲ့ဘူး၊ နှုတ်ပိတ်ပြီးတော့လည်း မနေခဲ့ဘူးပေါ့နော်၊ ပြီးတော့ အခြေ ခံဥပဒေပေါ့လေ၊ ၂၀၁၅ အတွက်ကိုရော နောက်ပြန်မလှည့်နိုင် အသွင်ကူးပြောင်းရေးဖြစ်ဖို့ကိစ္စတွေရောပေါ့။ "

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့လည်း လူတွေ ပြောစေချင်တဲ့အတိုင်း သူ့အနေနဲ့ မပြောခဲ့တာသာ ရှိပြီး သူ့အနေနဲ နှုတ်ပိတ်မနေခဲ့တဲ့အကြောင်း ပြောပါတယ်။

အဲ့ဒါအပြင် အခြေခံ ဥပဒေကိုလည်း ပြင်ဆင်ရမှာဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးတော့ ဥပေဒထဲ ရေးဆွဲထားတာမျိုး တစ်ခုထဲကို ပြောတာမဟုတ်ပဲ တခြား ပြင်ဆင်စရာအချက်တွေ အများကြီး ရှိသေးတဲ့အကြောင်း တရားစီရင်ရေးအပိုင်းမှာ အုပ်ချုပ်ရေးပိုင်းကလူတွေ ၀င်စွက် ဖက်ခွင့်ပေးထားသလို ဖြစ်နေတဲ့ စာပိုဒ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့ ကတည်းက အကြိုအနေနဲ့ စတင်ကျင်းပတာဖြစ်ပြီး ကြာသပတေးနေ့မှ ညီလာခံဖွင့်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖွင့်ပွဲကို သမ္မတဦးသိန်းစိန်လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး လာအို၊ ဗီယက် နမ်နိုင်ငံက ခေါင်းဆောင် တွေလည်းတက် ရောက်ခဲ့သလို ဥရောပ၊ အမေရိကန်နိုင်ငံတို့က ပညာရှင်တွေ၊ စီးပွားရေးသမား တွေနဲ့ အာရှဖွံ့ဖြိုး ရေးဘဏ်က တာဝန်ရှိသူတွေလည်း တက်ရောက်နေကြပါတယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါ ၀န်ကြီးဦးစိုးသိန်းရဲ့ ပြောဆိုဆွေးနွေးချက်တွေက သူနဲ့ အမြင်မတူ တာ တွေရှိတယ်လို့ မဇင်မာအောင်က အခုလိုဆက်ပြောပါတယ်။

"အသွင်ကူးပြောင်းရေးဘက်မှာ သတင်းလွတ်လပ်ခွင့်က ဘယ်လိုရှိလာပြီဆိုတာနဲ့ ပတ်သက်လို့ ကျမတို့အမြင် မတူတာလေးတွေရှိတယ်၊ ၀န်ကြီးဦးစိုးသိန်းကဆိုလို့ရှိရင် သတင်းလွတ်လပ်ခွင့် ဘယ်လိုရနေပြီဆိုတာမျိုးတွေ၊ နောက်ပြီး တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်လို့ရော တရားရုံးတွေဟာ ဘယ်လိုလွတ်လွတ်လပ်လပ် စီမံခန့်ခွဲလို့ရနေ ပြီပေါ့လေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်ကသူဟာနဲ့ သူဖြစ်နေပြီဆိုတဲ့ ကိစ္စတွေမှာ ကျမတို့ ငြင်းကြခုန်ကြတာတွေရှိတယ်ပေါ့နော်။"

မနေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ မြန်မာနိုင်ငံရဲ့အနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ် ပြီး ဒီကနေ့မှာတော့ Gender လို့ ခေါ်တဲ့ ကျား၊ မ အကြောင်း၊ စွမ်းအင်ဆိုင်ရာအကြောင်းနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia