Home » » ဒီကေဘီအေ ရုံးချုပ်မှာ တိုင်းရင်းသား နှီးနှောလှယ်ပွဲ ကျင်းပ

ဒီကေဘီအေ ရုံးချုပ်မှာ တိုင်းရင်းသား နှီးနှောလှယ်ပွဲ ကျင်းပ

Written By Unknown on Sunday, June 16, 2013 | 4:02 AM

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကို ဒီကေဘီအေရဲ့ ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံစည်းမြိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့က စတင်ကျင်းပရာမှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူထုအခြေပြု ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင်နှီးနှောဖလှယ်ပွဲ ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေးနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး ပိုမိုတိုးတက်ခိုင်မြဲလာစေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်း ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်က ပြောပါတယ်။

“တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင်နှီးနှောဖလှယ်ပွဲမှာ အဓိကကတော့ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအနေအထားကို အထူးသဖြင့် အလေးပေးပြောကြားလိုပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခြေအနေဘယ်လောက်ရှိမလဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေ ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက်ကို ဆွေးနွေးနိုင်ဖို့ အစည်းအဝေးကို ဖိတ်ကြားရခြင်းဖြစ်ကြောင်းနဲ့ အခုကျနော်တို့ရရှိနေတဲ့ အခွင့်အရေးဟာ အသက်ရှူခွင့်သာရရှိပြီး အသက်ရှင်ခွင့်တော့ မရသေးတဲ့အတွက် အသက်ရှင်ခွင့်ရရှိတဲ့အထိ တိုင်းရင်းသားအားလုံးနဲ့ ပြည်တွင်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးက အရေးဆိုရမှာဖြစ်တဲ့အတွက် အခုပွဲကို ကျင်းပရတာဖြစ်ပါတယ်”

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ မြဝတီမြို့နယ်အတွင်းက ၈၈မျိုးဆက်တွေနဲ့အတူ အခုလို တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ လာတက်ရောက်တာနဲ့ပတ်သက်လို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တိုင်းရင်းသားရေးရာဌာနက ကိုပဏ္ဍိတ်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ၈၈ရဲ့ သဘောထားတစ်ခုရှိတယ်၊ အဲဒါ လွှတ်တော်ပြင်ပ နိုင်ငံရေးရဲ့ အရေးပါမှုပါ။ နောက်သဘောထားတစ်ခုက တိုင်းရင်းသားတွေနဲ့ ကျနော်တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရမချင်း ဒီမိုကရေစီကို မသွားနိုင်ဘူးဆိုတဲ့ အဲလိုမျိုးယုံကြည်ထားတာရှိပါတယ်။ ဒါကြောင့် ဒီဒီကေဘီအေ အခမ်းအနားကို ကျနော်တို့လာတက်တာပါ”

ဒီနှီးနှောဖလှယ်ပွဲကို ပြည်တွင်းသတင်းသမားအများစုနဲ့ ထိုင်းသတင်းဌာနတွေက သတင်းထောက်စုစုပေါင်း ၅ဝ ကျော် တက်ရောက်သတင်းရယူခဲ့ကြပါတယ်။

RFA Burmese