Home » » တက်ကြွ လှုပ်ရှားသူတွေကို အကာအကွယ်ပေးရန် လိုအပ်လာ

တက်ကြွ လှုပ်ရှားသူတွေကို အကာအကွယ်ပေးရန် လိုအပ်လာ

Written By Unknown on Sunday, June 16, 2013 | 3:57 AM

တစ်နေ့ကပဲ ကိုညီညီကျော်နဲ့ ကိုအေးသိန်းတို့ ထောင်ကျ သွားခဲ့လေပြီ။ မန္တလေးစာနယ်ဇင်း လောကမှာတော့ ကိုအေးသိန်း တစ်ယောက် ထောင်ထဲကနေ မတရားတဲ့ ဘယ်လိုအမှုတွေကို ဆွဲထုတ်လာဦးမယ်မသိဘူးလို့ ပြောသံတွေ ညံနေပါတော့တယ်။
နောက်တစ်ခါဆိုရင် ကျွန်တော်တို့ သတင်းသမားတွေ အလှည့်ဆိုတာကိုတော့ ကိုယ့်လူတွေ မေ့နေကြတယ်လို့ ထင်ပါရဲ့။

ကိုအေးသိန်းတို့က ပြသနာရှာနေတာလား။ ပြသနာက ကိုအေးသိန်းတို့ ကိုညီညီကျော်တို့ကို ရှာတာလား။ ဒီပြသနာတွေဖြစ်အောင် ဘယ်သူဖန်တီးထားတာလဲ။ ပြသနာတွေ ဖြစ်လာရင် ဒီတက်ကြွလှုပ်ရှားသူတွေက ပြည်သူ့ဘက်က ရပ်တည်ခဲ့တယ်။ ဖိနှိပ်ချင်၊ မတရား လုပ်ချင်သူတွေကတော့ ဒီတက်ကြွ လှုပ်ရှားသူတွေဟာ ပြသနာကောင်တွေလို့ မြင်ကြတွေးကြတယ်။

ဈေးချိုကိုင်းတန်းညဈေး ရွှေ့ပြောင်းရမှုနဲ့ ပတ်သက်ပြီး မရွှေ့ပြောင်းရရေး တောင်းဆိုရာကနေ ကိုအေးသိန်းပါ ၇ ဦးကို စီတန်း၁၈ နဲ့ ထောင်သုံးလစီ ချမှတ်ခံခဲ့ရတယ်။ ကိုအေးသိန်းပါ သုံးဦးက နောက်ထပ် ၅၀၅ (ခ)နဲ့ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခံခဲ့ရတယ်။

ကိုညီညီကျော်ကို အရေးယူတာမဖြစ်သင့်ပါ

စီတန်းလှည့်လည်မှု ပုဒ်မ၁၈ ကို အားလုံးက ကန့်ကွက်နေကြတယ်။ လက်၇ှိတည်ရှိနေသေးတဲ့ ဥပဒေအရ စီတန်းလှည့်လည်လို့ ကိုအေးသိန်းထောင်ချတာ အသာထား။ ဘာလို့လည်းဆိုတော့ ကိုအေးသိန်းက စီတန်းလမ်းလျှောက်တာကိုး။ ဈေးချိုကနေ စတင်စီတန်းလမ်းလျှောက်ကတည်းက ကျွန်တော်ပါလာတယ်။ ကိုအေးသိန်းရှေ့ကနေ တစ်လျှောက်လုံး ဓါတ်ပုံတွေရိုက်ပြီး လိုက်လာတာ။ ဘယ်မလဲကိုညီညီကျော်။ အရိပ်အယောင်တောင် မတွေ့ရ။ လမ်းလည်းမလျှောက်။ ဈေးချိုကနေလမ်းလျှောက်လာတာ မြို့တော်ဝန်စည်ပင်သာယာ ရုံးရှေ့ရောက်တယ်။ မြို့တော်ဝန်က စကားပြောချင်တယ်။ ဆွေးနွေးချင်တယ်ဆိုတော့ အခြေအနေလာကြည့်တဲ့ ကိုညီညီကျော်က ကျွန်တော်တို့ မီဒီယာသမားတွေနဲ့အတူ ရုံးထဲလိုက်လာတယ်။ မြို့တော်ဝန် ၊ ခရိုင်ရဲမှူးကြီး ၊ မီဒီယာတွေနဲ့ ကိုအေးသိန်း၊ ကိုဝင်းဆွေမြင့်၊ ကိုညီညီကျော်တို့ ဆွေးနွေးကြတယ်။ ကိုညီညီကျော်အနေနဲ့ မြို့တော်ဝန်နဲ့ ဘာမှ ဆွေးနွေးခွင့်မရခဲ့ပါဘူး။ သူက ဈေးဝယ်တစ်ယောက်အနေနဲ့ ၀င်တွေ့ခဲ့တာပါ။ ဈေးချိုကိုင်းတန်းညဈေးဟာ ဝေးလံတဲ့ကမ်းနားလမ်းတာရိုးအထိ ရွှေ့လိုက်လို့ အဆင်မပြေတဲ့အကြောင်း၊ အခြားနေရာတစ်ခု ရနိုင်ပါသလားလို့ ခရိုင်ရဲမင်းကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်။ စည်ပင်ရုံးထဲက အထွက် ဆွေးနွေးမှုရဲ့ ရလာဒ်ကို အပြင်မှာ စောင့်ဆိုင်းနေတဲ့ ဈေးသည်ရာဂဏန်းအား ကိုညီညီကျော်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ စီတန်းလမ်းလျှောက်တဲ့အထဲမှာ သူမပါဝင်ခဲ့ပါဘူး။ အခုတော့ စီတန်း(၁၈)နဲ့ ထောင်သုံးလ ချမှတ်ခံခဲ့ရပါပြီ။


ထောင်တော့ငြိမ်းချမ်းပြီ

ကိုင်းတန်းညဈေးအမှုနဲ့ ပတ်သက်ပြီး အာမခံမရခင် လွန်ခဲ့တဲ့လတွေက ကိုအေးသိန်းဟာ အိုးဘိုထောင်ကြီးချုပ်ထဲမှာ ထိန်းသိမ်းခံထားရပါတယ်။ ထောင်တွင်းဇာတ်လမ်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရုံးချိန်းတိုင်းထုတ်လာတယ်။ မတရားဘူးထင်သမျှ သတင်းတွေ ကျွန်တော်တို့ သတင်းထောက်တွေကို ရုံးချိန်းတိုင်း ဖောက်သည်ချတာအမောပါပဲ။ အိုးဘိုအကျဉ်းထောင်က ကိုအေးသိန်းရောက်လာတော့ ပိုပြီးငြိမ်းချမ်းသွားတာပေါ့။ အကျဉ်းသားတွေအတွက် တက်ကြွလှုပ်ရှားနေမှာ မြင်ယောင်ပါသေးတယ်။


ကွန်ရက်ဝင်ဖမ်း သခင်လမ်းဟေ့

ကွန်ရက်တွေ ဖွဲ့စည်းထူထောင်ပြီး နိုင်ငံ့ရေးရာတွေမှာ ကူညီဆောင်ရွက်နေကြတာ တိုင်းသိပြည်သိ။ အခုလည်း ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအပေါ် လယ်သမားတွေက ထွန်တုံးတိုက်ပွဲဝင်ရာမှာ ကူညီလို့ဆိုပြီး ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ၊ နိုင်ငံရေးအကျဉ်းသားများ မိသားစုမှ ဒေါ်မိမိခိုင်၊ နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုသန့်စင်ထက်တို့ကို ဖမ်းဆီးထားပါတယ်။ကွန်ရက်ဝင်တွေအနေနဲ့ လယ်သမားဘက်က ကူတာ တရားပါတယ်။ လယ်သိမ်းသူသာ မတရားတာပါ။


အခုပဲ အဖြေရှာကြစို့

တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တော့မှာလားဆိုတဲ့ စကားသံတွေ ညံလာခဲ့ပြီ။ တက်ကြွလှုပ်ရှားတွေက ဘယ်သူ့အတွက် လုပ်နေတာလဲ။ သူတို့တွေလည်း ပြည်သူ့အတွက် လုပ်နေတာပဲ။ အစိုးရကလည်း ပြည်သူ့အတွက် အားကြိုးမာန်တက် လုပ်ဆောင်နေတာတွေ မြင်နေရတယ်။ ပြည်သူ့အတွက် လုပ်နေတဲ့ အစိုးရနဲ့ တက်ကြွလှုပ်ရှားအဖွဲ့တွေ ထိပ်တိုက်တိုးလို့ တက်ကြွတွေ အရေးယူခံနေရတာကတော့ အဖြေရှာဖို့ အချိန်ဟာ အခုပဲစရတော့မှာပါ။


တက်ကြွလှုပ်ရှားအဖွဲ့တွေကို ကာကွယ်ပေးပါ

တက်ကြွလှုပ်ရှားအဖွဲ့တွေကို ကာကွယ်ပေး၇န်လိုအပ်ကြောင်း နိုင်ငံတကာ ပွင့်လင်းမြင်သာရေးအဖွဲ့က အကြံပြုဆိုတဲ့သတင်း ဇွန်လ ၁၃ ရက်ထုတ် ၇ ရက်သတင်းစာမှာ ပါရှိလာခဲ့ပါပြီ။ ပွင့်လင်းမြင်သာဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။


တက်ကြွတွေ ရှင်သန်နေသင့်တယ်

တက်ကြွလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေသာ သေသွားခဲ့ရင် ဒီမိုကရေစီ သေသွားတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့၇တဲ့ လူထုအတွက်တော့ သူတို့ဟာ သူရဲကောင်းတွေပါ။ ဒီသူရဲကောင်းတွေကိုသာ ထောင်သွင်းအကျဉ်းချထားရင်တော့ မပြောရဲ၊ မဆိုရဲ အကြောက်တရားတွေ ကြီးစိုးနေတဲ့ လူထုမတရားလုပ်သူတွေ လက်ထဲမှာ ကျဆုံးကြရတော့မယ်။

ဆောင်းပါးရှင်-မင်းဒင် - မြနန္ဒါ ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၂၂)

မန္တလေးခေတ် (Facebook)