Home » » အမျိုးသမီးကို ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဟု သမ္မတရုံးဝန်ကြီးဆို

အမျိုးသမီးကို ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဟု သမ္မတရုံးဝန်ကြီးဆို

Written By Unknown on Friday, May 31, 2013 | 1:58 PM

ရန်ကုန်၊ မေ ၃၀

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးခဲ့သူသည် ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား မြို့တွင် ပြုလုပ်နေသည့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

လားရှိုးမြို့တွင် ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန်အတွက် ကျိုင်းတုံတွင် ပထမဆုံးကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ ကြောင်း၊ တောင်ကြီးနှင့် မန္တလေးမြို့ တို့တွင် ထပ်မံကြိုးပမ်းရာ မအောင်မြင် ခဲ့သဖြင့် လားရှိုးမြို့ တွင် ဓာတ်ဆီပက်မီးရှို့ရာမှ ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းကဆို သည်။
"ဘယ်သူက ခိုင်းတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို စုံစမ်းစစ်ဆေး နေတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း၏ ခန္ဓာကိုယ်တွင် WY စိတ်ကြွဆေးပြား တွေ့ရှိခဲ့ရကြောင်း လားရှိုးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ကျော်က လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးကို ဦးနေဝင်း ဓာတ်ဆီပက်မီးရှို့ခဲ့ရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခများတွင် လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သူဟု ယူဆရသော လူ ၃၉ ဦးကို ဖမ်းဆီး အရေးယူနေကြောင်း လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ပဋိပက္ခများသည် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ပြင်းထန်ခဲ့သော် လည်း မေလ ၃၀ ရက်နေ့တွင် ပြန်လည် တည်ငြိမ်မှု ရရှိခဲ့ကြောင်း ၄င်းကဆိုသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာဝင်များမှာ မနေဝံ့တော့သဖြင့် တပ်မတော်အကူအညီ တောင်းခံခဲ့ရာ ယနေ့ညတွင် အစ္စလာမ် ဘာသာဝင် ၂၀၀ ကျော်ကို မန်ဆူရှမ်း ကျောင်း ပရဟိတစာသင်တိုက်သို့ ပို့ဆောင် ပေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင်လည်း တပ်မတော် အကူအညီဖြင့် ပို့ဆောင်ပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးပုညကမိန့်ကြား သည်။

လာရှိုးမြို့တွင် ပဋိပက္ခများပြန်လည် တည်ငြိမ်သွားသော်လည်း မြို့မဈေးအပါအဝင် ပုဂ္ဂလိကဈေးဆိုင် အများအပြား ပိတ်ထားဆဲဖြစ်ပြီး အဓိကနေရာများ တွင်လည်း လူသူနည်းပါးနေကြောင်း၊ လုံခြုံ ရေးအင်အား ကိုလည်း အထူးတိုးမြှင့်ထား ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံရှေ့နေတစ်ဦးက ဆိုသည်။

ပဋိပက္ခများ ရပ်တန့်ရေးအတွက် မန္တလေးတိုင်းဒေသကြီးမှ ဘာသာပေါင်းစုံ ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီက လာရှိုးမြို့သို့ မေလ ၃၀ ရက်နေ့တွင် လာရောက်ကာ အကြမ်းဖက်ရန်စမှုများ ရပ်တန့်ရေး၊ ဥပဒေ မဲ့တုံ့ပြန်မှုများ မပြုလုပ်ရန်၊ လူသား အချင်းချင်း စာနာမှုများထားရှိရန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly