Home » » သီးနှံစစိုက်ချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန်လို

သီးနှံစစိုက်ချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန်လို

Written By Unknown on Friday, May 31, 2013 | 10:50 AM

မြန်မာ့ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးပေးနေတဲ့ စိုက်ပျိုး စရိတ်ချေးငွေတွေဟာ သီးနှံ စိုက်ပျိုးပြီးချိန်မှရတဲ့အတွက် တောင်သူလယ်သမားတွေ ကြွေးမြီပြန်ဆပ်ချိန်မှာ အခက်တွေ့နေပါတယ်။

အခုစိုက်ပျိုးရေးရာသီမှာ မြန်မာ့စိုက်ပျိုးရေးဘဏ်က တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ပြီးခဲ့တဲ့နှစ် ချေးငွေထက် ၂ ဆ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

လယ်သမားကြွေးမြီ အခက်အခဲတွေနဲ့ပက်သက်ပြီး ပဲခူးတိုင်း ဇီးကုန်းမြို့နယ် လယ်သမား ဦးကျော်ကျော်မင်းက အခုလို ပြောပါတယ်။

“လယ်တွေစိုက်ပြီးလောက်မှ ဘဏ်ငွေက ကျမှာ။ စိုက်နေတဲ့အချိန်မှာ ကုန်ကျစရိတ်က အတိုးကြီးကြီးနဲ့ ကုန်လိုက်ရတာ။ ကျနော်တို့ပြောချင်တာက လယ်တွေကို မစိုက်ခင် ပျိုးစချတဲ့အချိန်လောက်ကနေ ဘဏ်ငွေစောစောချပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ဘဏ်က ချပေးတဲ့အချိန်ကျ ကျနော်တို့အလုပ်က ပြီးနေပြီ။ အဲဒီအချိန်မှာ အကြွေးက တင်နေပြီ။ ဘဏ်ကထုတ်တဲ့အချိန်မှာ အတိုးကြီးကြီးပြန်ဆပ်ရတယ်။”

မြန်မာပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားတွေအတွက် ချေးငွေကိစ္စတွေနဲ့ သွင်းအားစုတွေ  ရရှိရေးကို မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းဦးက အခုလိုအကြံပြုပါတယ်။

“စိုက်ပျိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးပေးနေတဲ့ အချိန်ကာလကို တိုးမြှင့်ပေးပါ။ ဒီလိုတိုးမြှင့်လိုက်ရင် တောင်သူတွေအတွက် အလျဉ်စလို စပါးတွေ ရောင်းစရာမလိုဘူး။ အလျဉ်စလိုမရောင်းရတဲ့အတွက် ဘာပဲပြောပြော ဈေးကောင်းရတဲ့အချိန်မှာ သူတို့ ရောင်းနိုင်တယ်။ စပါးပေါ်ချိန်မှာ တောင်သူတွေက ဘဏ်ကြွေးဆပ်ဖို့ အလျဉ်စလို စုပြုံပြီး ရောင်းတော့ စပါးဈေးတွေက မတရားထိုးကျပြီး အကျိုးခံစားခွင့် နည်းသွားတာပေါ့။ လက်ရှိချေးပေးနေတဲ့ စိုက်ပျိုးရေးစရိတ်ချေးငွေတွေကို အချိန်ကာလလေး တိုးမြှင့်ပေးပါ။ တောင်သူတွေအားလုံးရရှိအောင်လည်း ချေးပေးပါ။ ပဲအပါဝင် သီးနှံစိုက်တောင်သူတွေကို ချေးပေးတဲ့ ၁ ဧက ၂ သောင်းနှုန်းက နည်းနေတယ်။ ပိုပြီးတော့ ချေးပေးပါ။ ချေးငွေကာလနဲ့ ချေးငွေပမာဏကို တိုးပေးပါ။”

အစဉ်မပြတ်ဖြစ်နေတတ်တဲ့ တောင်သူလယ်သမားတွေရဲ့ ငွေကြေးလိုအပ်ချက်တွေ ပြေလည်ဖို့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရရင် ထုတ်ချေးပေးသွားမယ်လို့ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောပါတယ်။

“ပုဂ္ဂလိကဘဏ်တွေကတော့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုမယ့်အနေအထား ညွှန်ကြားရင်တော့ ကျနော်တို့က လိုက်နာပြီးလုပ်ပေးမှာပေါ့။ ငွေချေးရမှာဆိုတော့ သူတို့ ချေးငွေအတွက် တင်ပြမယ့် အချက်အလက်အားလုံး ပြည့်စုံမှန်ကန်မယ်ဆိုရင် လုပ်ပေးရမယ်လို့ ယူဆပါတယ်။ ”

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ်သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

by မျိုးဇော်လင်း  (ဒီဗွီဘီ)